ထီးချိုင့် မြတောင်စခန်းကို ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်
2024.08.23
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ မြတောင်စခန်းကို ဩဂုတ်လ ၂၃ ရက်နေ့က မဟာမိတ်ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။
KIA သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက "သိမ်းနိုင်တယ်လို့တော့ ကြားပါတယ်၊ အပြည့်အစုံကိုတော့ မြေပြင်သတင်းတွေက အဆက်အသွယ်မရသေးဘူး" လို့ RFA ကို ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ KIA၊ ABSDF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၂၁ ရက်နေ့ကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၂၃ ရက်နေ့မှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာပါ။
NUG ကာကွယ်ရေးဝန်ကြီးဌာနနဲ့ အမှတ် (၁) စစ်ဒေသတွေက မြတောင်စခန်းသိမ်းယူတာနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးသလို ဒီစခန်းသိမ်းခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ထီးချိုင့်၊ ပင်လည်ဘူးမြို့တွေမှာ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ သြဂုတ်လ ၂၃ ရက်မှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက RFA ကို ပြောပါတယ်။