ထန်တလန်မြို့မှာ စစ်ကောင်စီတပ်တွေရဲ့ လုပ်ရပ်တွေအပေါ် NUG သဘောထားထုတ်ပြန်

ချင်းပြည်နယ်၊ ထန်တလန်မြို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့က၊ အာဏာသိမ်း စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ၊ လူနေအိမ်တွေကို မီးလောင်တိုက်သွင်းခဲ့တာတွေကြောင့်၊ အရပ်သားတွေရဲ့ နေအိမ် (၃၀၀) ဝန်းကျင်နဲ့ ဘာသာရေး အဆောက်အအုံတွေ မီးလောင်ပျက်စီးသွားခဲ့ ရတာတွေနဲ့ ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က အောက်တိုဘာလ ၃၀ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းက စပြီး ချင်းပြည်နယ်ရှိ အရပ်သားပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ဖျက်ဆီး၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ၊ ငွေကြေး ပစ္စည်းတွေ ခိုးယူ၊ အပြစ်မဲ့ အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်၊ အမျိုးသမီးတွေအပေါ် အဓမ္မ ပြုကျင့်မှုတွေကို တရားလက်လွန် လုပ်ဆောင်နေကြောင်း၊ လေကြောင်း စစ်ဆင်ရေးတွေ၊ လက်နက်ကြီး တွေနဲ့၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ၊ ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးပြုနေတာတွေ၊ လူမျိုးနွယ်စုတွေကို ပျက်သုဉ်းအောင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတာတွေကို ချက်ချင်းရပ်ဖို့ သတိပေး လိုက်ပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်ပြီး တရားဥပဒေနဲ့အညီ၊ အရောက်ခေါ်ယူ စစ်ဆေးစီရင်နိုင်ရေး ဆောင်ရွက်သွားမှာဖြစ်ပြီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့လည်း ချိတ်တွဲဆောင်ရွက် သွားမှာဖြစ်ကြောင်း၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းတွေ အနေနဲ့ ချင်းပြည်နယ်ရှိ စစ်ဘေးသင့် ပြည်သူတွေ အတွက် ဝိုင်းဝန်း ကူညီပေးကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အလားတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာကလည်း ထန်တလန် နဲ့ ချင်းပြည်နယ် တစ်ခုလုံးမှာ စစ်ကောင်စီရဲ့ ကြီးမားရက်စက်တဲ့ တိုက်ခိုက်မှုတွေ ခံစားနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူတွေ အသက်ဆုံးရှုံးမှု ပိုမိုများပြားလာပြီး၊ နိုင်ငံတကာရဲ့ ဝင်ရောက်စွက်ဖက်၊ ကူညီ ထောက်ပံ့မှုတွေ မရရှိရင် ချင်းပြည်နယ်က မီးစဟာ တိုင်းပြည်တစ်ခုလုံး ကို ပြာကျသွားစေနိုင်ကြောင်း၊ နိုင်ငံတကာအနေနဲ့ စစ်ကောင်စီအပေါ် ဘဏ္ဍာရေး ဝန်ဆောင်မှုတွေ၊ လောင်စာဆီ၊ လက်နက်နဲ့ ခဲယမ်း မီးကျောက် ဖြတ်တောက်မှုတွေ အထူးသဖြင့် ဆောင်ရွက်ရမှာဖြစ်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ ထန်တလန်မြို့ မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေး ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ငြင်းဆိုထားပါတယ်။