ဆီဆိုင်မြို့အနီး တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရ

RFA Burmese
2024.05.21
ဆီဆိုင်မြို့အနီး တိုက်ပွဲတွေကြောင့် ဒေသခံတစ်ထောင်ကျော် ထပ်မံထွက်ပြေးနေရ တိုက်ပွဲကြောင့် ထွက်ပြေးနေရသော ထီရီး ကျေးရွာသားများကို ၂၀၂၄ ခုနှစ်၊ မေလ ၂၁ ရက်နေ့က တွေ့ရစဥ်။
Citizen Journalist

Updated 11:00 AM May 21,2024

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်အနီးတစ်ဝိုက်က ထီရီး၊ ပုံလောင်းနဲ့ နောင်ထော်ရွာတွေအနီးမှာ မေလ ၂၀ ရက်နေ့ကစလို့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲတွေဆက်ဖြစ်နေတာကြောင့် ဒေသခံတစ်ထောင်ကျော် ဘေးလွတ်ရာထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံတွေက ပြောပါတယ်။

ဆီဆိုင်မြို့အရှေ့ဘက် ထီရီးရွာအနီး တိုက်ပွဲကြောင့် ထီရီး၊ ခိုဖွန်း၊ လွယ်ထွဲ၊ ဒုံလီတန် ရွာတွေက ဒေသခံတွေဟာ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရွာဘက်ကို ထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ခံတစ်ဦးက ပြောပါတယ်။

“ထီရီးရွာနားဖြစ်တော့ အဲဒီနားက ဒေသခံတွေပါ ထွက်ပြေးနေရတာ။ မနေ့ကစပြီး သေနတ်သံကြားရတာ အားလုံးပေါင်း လူငါးရာကျော် ပြေးပြီ။ ညအထိ ပြေးနေကြတာ”

ဆီဆိုင်မြို့နဲ့ ဆယ်မိုင်လောက်ဝေးတဲ့ ပုံလောင်းနဲ့ နောင်ထော်ရွာအနီးမှာလည်း တိုက်ပွဲဆက်ဖြစ်နေလို့ ဆီဆိုင်မြို့ကို နေရပ်ပြန်တဲ့ ဒုက္ခသည်တွေအပါအဝင် အဲဒီရွာတွေက လူဦးရေ ငါးရာကျော်လည်း ထပ်ပြီးထွက်ပြေးနေရတယ်လို့ ဆီဆိုင်မြို့ဒေသခံ နောက်တစ်ဦးက ပြောပါတယ်။

“ပုံလောင်း၊ နောင်ထော်ရွာနားမှာ မနေ့ကတည်းက မကြာမကြာဖြစ်နေတာ။ အဲဒါ ဆီဆိုင်မြို့ကိုပြန်တဲ့ ဒုက္ခသည်တွေလည်း ပြန်ပြေးလာကြတယ်။ မနေရဲတော့ဘူးလေ”

ဒါကြောင့် မနေ့က တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်ရသူဦးရေ တစ်ထောင်ခန့်အထိ ရှိလာတာပါ။

ထွက်ပြေးလာတဲ့ ဒေသခံတွေဟာ ဆီဆိုင်မြို့နယ် ဆိုက်ခေါင်ရွာအပြင် ဘန်းယဉ်မြို့၊ ညောင်ရွှေမြို့နယ်၊ ဟိုပုံးမြို့နယ်နဲ့ တောင်ကြီးမြို့ပေါ်နေရာတွေကို ထွက်ပြေးနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်နဲ့ PNLA ပြောခွင့်ရသူ ခွန်ရိမ်းယံတို့ထံ RFA က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်၊ ဟိုပုံး၊ ပင်လောင်း၊ ညောင်ရွှေမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် ပူးပေါင်းအဖွဲ့နဲ့ PNLA တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတာ လေးလခန့်ရှိလာပြီဖြစ်ပါတယ်။

တိုက်ပွဲတွေအတွင်း ကလေးငယ်တွေအပါအဝင် အရပ်သား ၆၉ ဦးသေဆုံးခဲ့ပြီး တစ်ရာနီးပါး (၉၈ ဦး) ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပအိုဝ်းလူငယ်အစည်းအရုံး (PYO)ရဲ့ မေ ၂၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိုက်ပွဲကြောင့် လူဦးရေ ခြောက်သောင်းကျော် (၆၃,၆၀၀) ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း PYO ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။