စစ်မှန်ပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ စစ်ဆေးဖို့ HRW တိုက်တွန်း
2016.12.14

ရခိုင်ပြည်နယ် မြောက်ပိုင်းမောင်တောဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိနေတယ်လို့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရအနေနဲ့ တကယ်စစ်မှန်ပြီး လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တရပ်ဖွဲ့ပြီး စုံစမ်း စစ်ဆေးစေသင့်ကြောင်း၊ တပ်မတော်အရာရှိကြီးတွေ၊ ရဲအရာရှိကြီးတွေပါတဲ့ စုံစမ်းရေးကော်မရှင်တွေဖွဲ့ပြီး လှည့်စားဖို့ မကြိုးစားသင့်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ကြီးက ပြောကြား လိုက်ပါတယ်။
မောင်တောဒေသ စစ်ဆင်ရေးလုပ်ဆောင်စဉ်အတွင်း အဓမ္မပြုကျင့်မှု၊ မီးရှို့ဖျက်ဆီးမှုနဲ့ လူသတ်ဖြတ်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင်က မနေ့က ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ HRW အဖွဲ့ရဲ့ အာရှရေးရာ ဒါရိုက်တာ Mr. Brad Adams က အခုလို ပြောလိုက်တာဖြစ်ပါတယ်။
မြန်မာအစိုးရကို တိုက်တွန်းချင်တာက တကယ်စစ်မှန်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းခွင့်ပေးဖို့ဖြစ်ပြီး အမျိုးသားကော်မရှင်၊ မောင်တော်ကော်မရှင်စ သဖြင့် ကိုယ့်မူလအဖွဲ့အစည်းကို အကာကွယ်ပေးပြောကြားမယ့် တပ်နဲ့ရဲအဖွဲ့က အရာရှိဟောင်းကြီးတွေ ပါဝင်တဲ့ ကော်မရှင်မျိုးဖွဲ့ပြီး လှည့်ဖျားဖို့ လုပ်ဆောင်မနေသင့်ဘဲ တကယ်စစ်မှန်လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ဖွဲ့ပြီး အဲဒီထွက်လာတဲ့ ရလဒ်ကို စောင့်ကြည့်ရမှာဖြစ်ကြောင်း Mr. Adams က ပြောကြားသွားတာဖြစ်ပါတယ်။
ဒီကော်မရှင်ပြောဆိုချက်တွေကို လူ့အခွင့်ရေးအဖွဲ့တွေက အလေးအနက်မထားကြောင်း၊ မဖွဲ့စည်းခင်ကတည်းက ဘာတွေပြောမယ်ဆိုတာကို သိရှိထားပြီးဖြစ်ကြောင်း၊ သူတို့ဟာ ဒီကျူးလွန်တာတွေ မရှိကြောင်း၊ ထွက်ပြေးသွားတဲ့ သူတွေ၊ သတင်းမီဒီယာတွေက ပြောတာတွေဟာ လိမ်လည်ပြောဆိုတာတွေ ဖြစ်ကြောင်း ပြောဆိုမယ်ဆိုတာ သိရှိထားကြောင်းလည်း သူက ပြောပါတယ်။
တပ်နဲ့ ရဲတပ်ဖွဲ့တွေကို အကာကွယ်ပေးမယ့်လူတွေပါတဲ့ အစိုးရကော်မရှင်ရှေ့မှာ ရွာမှာ ဒီအမှုတွေကို တပ်သားတွေက ကျူးလွန်ခဲ့ပါတယ်လို့ဘယ်သူမှ သူရဲကောင်းလုပ်ပြီး ထွက်ပြောမှာမဟုတ်ကြောင်း၊ နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေကို ဝင်ရောက်ခွင့်မပေးဘဲ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ခွင့်မပြုဘဲ လူ့အခွင့်အရေး ချိုးဖောက်တာတွေရှိမရှိကြောင်း၊ အကြမ်းဖက်သူတွေနဲ့ ရွာသားတွေဟာ ထွက်ပြေးရင်း ကိုယ့်အိမ်ကိုယ့်ရွာကို မီးရှို့ထွက်ပြေးတာဖြစ်ကြောင်း အရပ်သားအစိုးရတရပ်က ပြောကြားနေတာဟာ နိုင်ငံ တကာ လူ့အခွင့်အရေးအဖွဲ့တွေအတွက် မယုံနိုင်စရာကိစ္စဖြစ်ကြောင်းလည်း HRW ရဲ့ အာရှရေးရာဒါရိုက်တာ Mr. Brad Adams က ပြောကြားခဲ့ပါတယ်။