ရိုဟင်ဂျာတွေအပေါ် ကန့်သတ်ထားတဲ့စနစ် ဖျက်သိမ်းဖို့ ယန်ဟီးလီတောင်းဆို
2018.06.27

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေရဲ့ အခွင့်အရေးကို ကန့်သတ်ချိုးဖောက်ထားတဲ့စနစ်ကို ဖျက်သိမ်းပြီး သူတို့ကို နိုင်ငံသားဖြစ်ခွင့်နဲ့ ပစ္စည်းဥစ္စာ ပိုင်ဆိုင်ခွင့်တွေ ပြန်ပေးဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ယန်ဟီးလီက ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၇ သိန်းအတွက် မြန်မာနိုင်ငံက လက်ရှိအခြေအနေဟာ အသင့်မဖြစ်သေးကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့ မြန်မာအစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားပေမယ့် အခုအချိန်အထိ အသေးစိတ်ကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာတာ မရှိသေးတဲ့အတွက်လည်း စိတ်မကောင်းဖြစ်ရကြောင်း မစ္စယန်ဟီးလီက ပြောပါတယ်။
မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝင် ဦးမြင့်သူကတော့... မြန်မာအစိုးရအနေနဲ့ မစ္စယန်ဟီးလီရဲ့ သုံးသပ်ချက်ဟာ လွတ်လပ်မျှတမှု မရှိတဲ့အကြောင်းနဲ့၊ သူ့နေရာကို တခြားတယောက် အစားထိုးခန့်အပ်ဖို့ လူ့အခွင့်အရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ခန့်အပ်ပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ပေးခံထားရတဲ့ တောင်ကိုရီးယားနိုင်ငံသူ ပါမောက္ခယန်ဟီးလီကို မြန်မာအစိုးရက ပြီးခဲ့တဲ့နှစ်ကစပြီး မြန်မာနိုင်ငံ ပြည်ဝင်ခွင့် ပိတ်ပင်ထားပါတယ်။