ဖားကန့်မြို့နယ် မှော်နှစ်ခုက ရေမဆေးကျောက်ရှာသူ ၂၀ ကျော် ဖမ်းဆီးခံရ

RFA Burmese
2023.01.09
ဖားကန့်မြို့နယ် မှော်နှစ်ခုက ရေမဆေးကျောက်ရှာသူ ၂၀ ကျော် ဖမ်းဆီးခံရ ဖားကန့်မှာ ရေမဆေးကျောက် ရှာနေသူများကို ၂၀၂၀ ခုနှစ် ဇူလိုင်လက တွေ့ရစဉ်။
RFA

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မော်မောင်းလျန်နဲ့ ဗလခမှော်ကို ဇန်နဝါရီလ ၇ ရက် ညနေပိုင်းက စစ်ကောင်စီ တပ်သားအင်အား ၅၀ နီးပါး ဝင်ရောက်စီးနင်းပြီး ရေမဆေးကျောက် ရှာဖွေသူ ၂၀ ဦးကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီကျောက်လုပ်ကွက်နှစ်ခုမှာ ရေမဆေးကျောက်ရှာဖွေသူ ၁၀၀ နီးပါး ရှိနေပြီး စစ်ကောင်စီ တပ်သားတွေ ဝင်ရောက်စီးနင်းချိန်မှာ မထွက်ပြေးနိုင်လို့ ကျန်နေခဲ့သူတွေ ဖမ်းဆီးသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ဖမ်းသွားတာဟုတ်တယ်၊ ၂၀ ကျော်ပဲ ဖမ်းခံရတာ၊ ဘယ်ကို ဖမ်းသွားတယ် ဆိုတာတော့ မသိရဘူး။ ကားနှစ်စီးနဲ့လာပြီး အကုန်ကားပေါ်တက်ဆိုပြီး ခေါ်ချသွားတာ၊ ဘာအပြစ်မှ ရှိတာလည်း မဟုတ်ဘူး"

စစ်ကောင်စီတပ်က ရေမဆေးကျောက် ရှာဖွေသူတွေကို ဘာကြောင့် ဝင်ရောက် ဖမ်းဆီးခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ကချင်ပြည်နယ် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFAက ဒီကနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ကချင်ပြည်နယ်က ကျောက်စိမ်း အကြီးအကျယ်ထွက်တဲ့ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေအကြား နယ်မြေထိန်းချုပ်နိုင်ရေး ကြိုးပမ်းရာကနေ မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။