ဖားကန့်မှာ ရေကြီးပြန်
2015.08.30

ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ဒီရက်ပိုင်းအတွင်း မိုးသည်း ထန်စွာရွာသွန်းနေတာကြောင့် ဥရုချောင်းရေကြီးလာပြီး ဖားကန့်မြို့နဲ့ ဆိပ်မူ၊ လုံးခင်း စတဲ့ကျေးရွာတွေဟာ ဒုတိယအကြိမ် ရေနစ်မြုပ်နေပါတယ်။
ဖားကန့်မြို့ပေါ်က ငှက်ပျောတော၊ အေးမြသာယာ၊ မြို့မ၊ မရှီကထောင် စတဲ့ ရပ်ကွက်တွေ ရေမြှုပ်နေသလို မရှီကထောင်ကြိုးတံတားလည်း ရေမြုပ်နေပြီလို့ ငှက်ပျောတောရပ်ကွက်မှာ နေထိုင်တဲ့ ဦးစောနွဲ့မြင့်ဆွေ က ပြောပါတယ်။
"ချောင်းဘေးနားနီးတာတွေ အကုန်မြုပ်နေတယ်၊ တချို့ဆို အိမ်ခေါင်မိုးလေးတွေ ပဲပေါ်နေတယ်၊ အခုကျနော် တို့ အိမ်အပေါ်ထပ်ရောက်နေတယ်၊ အောက် ထပ်တော့အကုန်မြုပ်နေပြီ၊ အနိမ့်ပိုင်းရောအကုန်မြုပ်နေပြီ၊ ကြိုးတံတားလဲမြုပ်သွားပြီ၊ သစ်တုံးကြီးအတုံးကြီးတွေ၊ အမှိုက်သရိုက်တွေ၊ ကြိုးတံတားမှာ သွားငြိနေတယ်"
ဒီတစ်ကြိမ်ရေကြီးမှုဟာ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းက ရေကြီးတာထက်ပိုဆိုးတယ်လို့ ဖားကန့်မြို့နယ် အုပ်ချုပ်ရေးမှူး က ပြောပါတယ်။
ရေဘေးကြောင့် မြို့ပေါ်က လူတစ်ချို့ဟာ မြို့မရပ်ကွက်မှာရှိတဲ့ အောင်ဇေယျုံ ဘုန်းတော်ကြီး ကျောင်းမှာ ခိုလှုံနေကြပါတယ်။
ဖားကန့်ဒေသမှာ ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီတွေက စက်ယန္တရားတွေနဲ့ တူးဖော် လုပ်ကိုင်ကြပြီး မြေစာတွေ ကို စည်းကမ်းမဲ့စွန့်ပစ်တာတွေကြောင့် မိုးကြီးတိုင်း ဖားကန့်မြို့နယ်အတွင်းမှာ မကြာခဏ ရေကြီးလေ့ရှိတယ် လို့ ဒေသခံတွေက ပြောပါတယ်။
ချင်းပြည်နယ် တွန်းဇံမြို့မှာလည်း တောင်ပေါ်ရေကန်ကျိုးပေါက်ပြီး ရွှံ့မြေတွေ ဖုံးလွှမ်းခံခဲ့ရတဲ့ ကျေးရွာတွေ ကို ပြန်လည်နေရာချထားရေးနဲ့ ပြန်လည်ထူထောင်ရေး အတွက် ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့ ပြည်နယ် လျှပ်စစ်စက်မှုဝန်ကြီး ဦးကျင်လင်းပေါင်ကို ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားပါတယ်။
ချင်းပြည်နယ်က မြေသားတွေဟာ သက်တန်းနုတဲ့အတွက် မိုးသည်းထန်ရင် ရေကန်အနီး ပတ်ဝန်းကျင်တွေ မှာ မြေပြိုမှုတွေ ဖြစ်ပွားနိုင်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒ ဦးစီးဌာနမှူးက ပြောပါတယ်။ မိုးဇလဌာနက ဒုညွန်ချုပ် ဦးကျော်မိုးဦးကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။