ဖားကန့်မှာ KIO အရာရှိတစ်ဦးအပါအဝင် ဒေသခံ ၁၆ ဦး ဖမ်းဆီးခံရ
2023.03.13
ကချင်ပြည်နယ် ဖားကန့်မြို့မှာ မတ်လ ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) အရာရှိတစ်ဦး အပါအဝင် အရပ်သား ၁၆ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသံတွေက ပြောပါတယ်။
မတ်လ ၁၃ ရက် မနက် ၁ နာရီဝန်းကျင်က ဖားကန့် မှော်ဝမ်းရပ်ကွက်က မျိုးသန့် ဆံပင်ညှပ်ဆိုင်က ဦးမျိုးသန့်နဲ့ ဦးဖုလမ်ခိုင်၊ ဦးချစ်ခိုင်၊ ဦးကျော်မြင့်၊ ဦးဖိုးချစ်၊ ဦးအောင်ဇေယျ၊ ဦးနောင်နောင်တို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒီဖမ်းဆီးမှုမတိုင်ခင် မတ်လ ၁၂ ရက် နေ့လယ် ၁ နာရီကျော်မှာ ဖားကန့်မြို မှော်ဝမ်း ရပ်ကွက် ဝန်ထမ်းအိမ်ရာမှာနေတဲ့ လဝက ဒုဦးစီးမှူး ဦးမြင့်လွင် သေနတ်နဲ့ ပစ်သတ်ခံခဲ့ ရတယ်လို့ မှော်ဝမ်း ရပ်ကွက်မှာနေသူတစ်ဦးက ပြောပါတယ်။
“မနေ့က နေ့လယ်ပိုင်းမှာ လဝက ဒုဦးစီးမှူး ဦးမြင့်လွင်က သူ့နေအိမ်မှာရှိတဲ့အချိန် ပစ်သတ်ခံ လိုက်ရတာ။ သေနတ်နှစ်ချက်ပစ်တာ ပွဲချင်းပြီး သေသွားတာ။ ပြီးတော့ ဒီနေ့မနက်လည်း မှော်ဝမ်းက မျိုးသန့် ဆံပင်ညှပ်ဆိုင်ပိုင်ရှင် ကိုမျိုးသန့်အပါ ခုနစ်ယောက်ကို စကစတွေက ဖမ်းသွားတယ်။ ဘာကြောင့် ဖမ်းသွားတာလဲဆိုတာကို တော့ အတိအကျမသိရသေးဘူး။ အခုတော့ ရဲစခန်းမှာ ချုပ်ထားတယ်လို့ သိရတယ်”
မတ်လ ၁၂ ရက်မှာပဲ ဖားပြင်ရွာမှာ အစည်းအဝေးလုပ်နေတဲ့ KIO အရာရှိတစ်ဦး အပါအဝင် ဒေသခံ ကိုးဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
KIO သတင်း နဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ KIO အရာရှိတစ်ဦးနဲ့ ရိုးရာလူကြီးတွေ ဖမ်းဆီးခံရတာ သတင်းကြားရပေမယ့် အသေးစိတ်မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းရဲထွန်းကို RFA က ဆက်သွယ်ခဲ့ ပေမယ့်လည်း ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။
ဖားကန့်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း စစ်ကောင်စီက အရပ်သား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ ကချင်လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေးအဖွဲ့ (KHRW) က မတ်လ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။