ဘားအံမြို့က ဆန္ဒပြပွဲဦးဆောင်သူ ပုဒ်မ ၁၉ နဲ့ အမှုဖွင့်ခံရ

ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲတပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုပွဲ ဦးဆောင်သူကို ပုဒ်မ ၁၉ နဲ့ ဘားအံမြို့မရဲစခန်းက ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးဖို့နဲ့ အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူပေးဖို့ ဘားအံမြို့မှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့က ဆန္ဒပြစဉ် ဓာတ်ပုံ - ဖြိုးဝေဆက်

ကရင်ပြည်နယ် ဘားအံမြို့မှာ ရဲတပ်ဖွဲ့ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြလို့ဆိုပြီး လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေ ရှင်းပေးဖို့ ဆန္ဒပြတောင်းဆိုပွဲ ဦးဆောင်သူကို ပုဒ်မ ၁၉ နဲ့ ဘားအံမြို့မရဲစခန်းက ဒီနေ့ အမှုဖွင့်လိုက်ပါတယ်။

လယ်ယာမြေပြဿနာတွေ အမြန်ဆုံးဖြေရှင်းပေးဖို့ ဆန္ဒပြပွဲကို ရဲကတားဆီးပြီး ပုဒ်မ ၁၉ နဲ့ အမှုဖွင့်လိုက်တာဖြစ် တယ်လို့ တရားစွဲခံရသူ ၈၈ ကရင်မျိုးဆက် ကျောင်းသားများ လူမှုဖွံ့ဖြိုးအသင်း ဥက္ကဌ ဦးစောမောင်ကြီး က ပြောပါတယ်။

"ဒါ အဓိကကတော့ ကျနော်တို့က ခရိုင်အုပ်ချုပ်ရေးမှူးကို အလိုမရှိဘူးဗျာ။ ဒေသခံတွေရဲ့အသံကို နားမထောင်ချင်လို့၊ နောက်ပြီးတော့ လယ်ယာမြေပြဿနာတွေ ဖြေရှင်းတဲ့နေရာမှာ ထိရောက်မှုမရှိဘူး။ ကြန့်ကြာနေတယ်။ အဲဒီအတွက်ကို ကျနော်တို့က အဓိကထားပြီး ဆန္ဒဖော်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ရွှေရင်မျှော်ဘုရားနားထိ အဆင့်သုံးဆင့်ပေါ့ သူတို့တားမြစ်တယ်။ ရဲစခန်းမှာ သွားပြီးတော့ အမှုရင်ဆိုင်နေတယ်။ ပုဒ်မ ၁၉ နဲ့ အမှုဖွင့် အရေးယူထားတယ်"

ဆန္ဒပြပွဲမှာ ပါဝင်သူ ၅၀လောက်ဟာ ပြည်သူ့အသံနားမထောင်တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း၊ အကျင့်ပျက်ဝန်ထမ်းတွေကို ထိရောက်စွာ အရေးယူပေးဖို့၊ လယ်ယာမြေပြဿနာတွေကို ထိရောက်စွာဖြေရှင်းပေးဖို့၊ အစိုးရရဲ့မြေယာမူဝါဒ လမ်းညွှန်အတိုင်း အကောင်အထည်ဖော်ဖို့ စတဲ့ ဗွီနိုင်းတွေ၊ ကြွေးကြော်သံတွေနဲ့ ဘားအံမြို့ အာဇာနည်ကျောက်တိုင်ကွင်းကနေ ချီတက်လာရာ  ရွှေရင်မျှော်ဘုရားရှေ့အရောက်မှာ ရဲတပ်ဖွဲ့က လူစုခွဲပြီး ဦးဆောင်သူကို ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဒီနေ့ဆန္ဒပြပွဲအတွက် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကတည်းက ဆန္ဒပြဖို့ အကြောင်းကြားစာတင်ခဲ့ပေ မယ့် ကျောင်းသား ကျောင်းသူတွေ စာမေးပွဲဖြေမယ့်အချိန်ကာလနီးနေတာ၊ ပြည်ထောင်စုနေ့ နီးနေတာ၊ အရေးကြီးပုဂ္ဂိုလ်ခရီးစဉ် ရှိနေတာတွေကြောင့် ဆန္ဒပြပွဲကို ခွင့်မပြုကြောင်း ဘားအံမြို့နယ် ရဲတပ်ဖွဲ့က အကြောင်းပြန်ခဲ့ပါတယ်။

ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်နဲ့ မြဝတီမြို့နယ်တွေမှာ သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ထောင်ကျော် အတွက် ဒေသခံတောင်သူတွေက ၈၈ ကရင်မျိုးဆက်ကျောင်းသားများ ဖွံ့ဖြိုးရေးရုံးထံ တိုင်ကြားစာတွေ ပေးပို့ ထားပြီး ကူညီဖြေရှင်းပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်ကနေ ဒီနေ့အထိ လယ်ယာမြေပြဿနာတွေကို အစိုးရအဖွဲ့က ဖြေရှင်းဆောင်ရွက်တာတွေ အားနည်းတယ်လို့ ဦးစောမောင်ကြီး က ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org