ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာက အသက် ၅၃ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်ဟာ အမည်မသိ သေနတ်သမားနှစ်ဦးရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မနေ့ညက ဦးစောဝင်းစိုးမြင့်ကို အဲဒီသေနတ်သမားနှစ်ဦးက နေအိမ်ထိ လာရောက် ဖမ်းဆီးခေါ်ဆောင် သွားပြီးနောက် ဒီကနေ့ ဇွန်၂၈ ရက်၊ မနက်မှာတော့ ရွာအပြင်ဘက် ရေး - ထားဝယ် ကားလမ်းပေါ်မှာ ဦးခေါင်းသေနတ် ဒဏ်ရာနဲ့ သေဆုံးနေတဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာလို့ နှင်းစုံကျေးရွာက အမည် မဖော်လိုတဲ့ ရွာသားတစ်ဦး က ပြောပါတယ်။
"မနေ့ညက ခေါ်သွားပြီး ကားလမ်းပေါ်မှာ အလောင်းကို တွေ့တာ။ သူက စစ်တပ်ကို သတင်းပေးနေတဲ့ သူပါ။ အဲ့ဒါကြောင့် အခုလို အသတ်ခံလိုက်ရတယ် ထင်ပါတယ်။"
နှင်းစုံရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံလိုက်ရတဲ့ သတင်းမှန်ကန်တဲ့အကြောင်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးကလည်း RFA ကို အတည်ပြုပြောဆိုပါတယ်။
"ကျွန်တော်တို့ မနက်ပိုင်း ၇ နာရီခွဲလောက်မှာ လူသေအလောင်းတစ်လောင်း တွေ့တယ်ပြောလို့ သွားကြည့်လိုက်မှ အုပ်ချုပ်ရေးမှူး ဖြစ်နေတယ်။ ညပိုင်းတုန်းကတော့ သတင်းတစ်ခု ရတယ်။ အုပ်ချုပ်ရေးမှူးကို လူနှစ်ယောက်က လာပြီးခေါ်သွားတယ်။ မနက်ကျတော့ အခုလိုဖြစ်တယ်ဆိုတာ သတင်းထပ်ကြားတာ။"
ဦးစောဝင်းစိုးမြင့်ရဲ့ ရုပ်အလောင်းကို သွားရောက်စစ်ဆေးခဲ့ပေမယ့် ဘယ်သူတွေရဲ့လက်ချက်ဆိုတာကိုတော့ သူ့အနေနဲ့ မသိသေးဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်ဟာ ဒေသခံတွေ စွပ်စွဲပြောဆိုနေကြသလို စစ်တပ်ကို သတင်းပေးနေတဲ့သူ မဟုတ်ဘူးလို့လည်း ရေးမြို့နယ် အုပ်ချုပ်ရေးမှူးက တုံ့ပြန်ပါတယ်။
RFA က လေ့လာချက်တွေအရ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်နဲ့ ပူးပေါင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင်ခန့် သတ်ဖြတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။