စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်ခံရတဲ့ နှမ်းခါးနဲ့ မွေ့လည်မှာ ၁၉ ယောက်ထက်မနည်း သေဆုံး

2021.12.19
စစ်ရဟတ်ယာဉ်သုံး တိုက်ခိုက်ခံရတဲ့ နှမ်းခါးနဲ့ မွေ့လည်မှာ ၁၉ ယောက်ထက်မနည်း သေဆုံး မကွေးတိုင်း နှမ်းခါးရွာက မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ကို တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးနဲ့ မွေ့လည်ရွာတွေကို စစ်ရဟတ်ယာဉ်တွေနဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက် ပြီးနောက် အဲဒီရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ဒီကနေ့ ပြန်လည်ထွက်ခွာသွားကြပြီလို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။

နှမ်းခါးရွာမှာဆိုရင် တစ်ရွာလုံး ဝေဟင်ကနေစီးပြီး ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရွာလုံးကျွတ် ထွက်ပြေး နေကြရပြီး ဒေသခံ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ နှမ်းခါးရွာဘေးက မွေ့လည်ရွာထဲကိုလည်း စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့လို့ အနည်းဆုံး ဒေသခံ ကိုးယောက် သေဆုံးခဲ့တယ်လို့ ပြောကြပါတယ်။ ဒေသခံတွေရဲ့ ပြောဆိုချက်အရ နှမ်းခါးနဲ့ မွေ့လည် နှစ်ရွာပေါင်းရင် သေဆုံးခဲ့ရသူ အနည်းဆုံး ၁၉ ယောက် ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ မနက် စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွားလို့ ရွာထဲသွားပြန်ကြည့်ချိန်မှာ သူတို့ နှမ်းခါးရွာ တစ်ရွာ တည်းမှာ သေဆုံးနေတဲ့သူ ဆယ်ယောက်ရဲ့ အလောင်းကို တွေ့ခဲ့ရကြောင်း နှမ်းခါးရွာခံ ကိုနွေဦးက RFA ကို အခုလိုပြောပါတယ်။

“သူတို့ဝင်လာတုန်းက မပြေးနိုင်လို့ ကျန်ခဲ့တဲ့ပြည်သူတွေကို ဘုန်းကြီးကျောင်းထဲကမထွက်ဖို့ ခြိမ်းခြောက် ခဲ့ပြီး အခု စစ်ကောင်စီက စမ်းမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ထုနေတယ်။ ရွာရဲ့အခြေနေက အိမ်တွေ မီးရှို့တယ်။ ပစ္စည်းတွေယူသွားတယ်။ အလောင်းတွေကတော့ မကောက်ရဲသေးဘူး၊ မိုင်းထောင်ခဲ့မှာဆိုးလို့ မှတ်တမ်းပဲတင်ထားတယ်။ ရဟတ်ယာဉ်ပေါ်ကနေ ပစ်တာနေမှာ တော်တော် များများသေတယ်။ တစ်နေရာတည်းကို ဆယ်လောင်းရှိသွားပြီ"

နှမ်းခါးရွာမှာ သေဆုံးသူတွေဟာ အမျိုးသားတွေချည်း ဖြစ်ပြီး အသက် ၆၀ အရွယ် သက်ကြီးရွယ်အို တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

ရွာအနီး မြစ်သာ မြစ်ကမ်းဘေးမှာလည်း ဒေသခံနှစ်ယောက် လက်ပြန်ကြိုးတုပ် အသတ်ခံထားရတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံရွာသား ကိုနွေဦးက ပြောပါတယ်။

အသတ်ခံရတဲ့ ၁၀ ယောက်ထဲမှာ ဒေသခံခုခံကာကွယ်ရေး PDF တပ်ဖွဲ့ဝင် နှစ်ယောက်ပါတယ်လို့လည်း ဆိုပါတယ်။

"ရဟတ်ယာဉ်ပေါ်ကနေ ပစ်တာနေမှာ တော်တော် များများသေတယ်။"

စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ကစပြီး နှမ်းခါးရွာကို စစ်ရဟတ်ယာဉ်တွေသုံး တိုက်ခိုက် ခဲ့ပြီး ရွာထဲမှာ တပ်စွဲထားတာဖြစ်ပါတယ်။ အဲဒီနောက် ဒီဇင်ဘာ ၁၈ ရက်နေ့မှာ ကပ်လျက် မွေ့လည်ရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရပါတယ်။ မွေ့လည်ရွာမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပစ်ခတ်မှုကြောင့် သေဆုံးသူ အနည်းဆုံး ကိုးယောက်ရှိတယ်လို့ ဒေသခံ တစ်ယောက်က ပြောပါတယ်။

"ဒီနေ့ မနက်မှာလည်း နှမ်းခါးမှာ မီးရှို့ပြန်တယ်ဆိုတော့ ကျွန်မတို့လည်း တောထဲမှာ ရှောင်ပုန်းနေရ တုန်းပဲ ၁၇ ရက်နေ့က လေယာဉ်နဲ့ပစ်လို့ သေဆုံးသူတွေများတယ်၊ မွှေ့လည်က ရွာသား ရှစ်ယောက် သေတယ် PDF ထဲက ဆရာဝန်တစ်ယောက်လည်းသေတော့ ကိုးယောက်ရှိတာပေါ့။ အလောင်းက ဘယ်လိုမှ ပြန်သယ်လို့ မရတာ"

မွေ့လည်ရွာက သေဆုံးတဲ့သူ ကိုးယောက်ထဲမှာ ဒေသခံခုခံကာကွယ်ရေးတပ် PDFမှာ တာဝန်ထမ်းဆောင် နေတဲ့ ဆရာဝန်တစ်ယောက်လည်း ပါတယ်လို့ ဆိုပါတယ်။

ဒီနေ့ စစ်ကောင်စီတပ်သားတွေ ပြန်တပ်ဆုတ်သွားချိန်မှာလည်း နေအိမ်တစ်လုံးနဲ့ ဂိုထောင် တစ်လုံးကို မီးရှို့သွားသလို စစ်ဘေးဒုက္ခသည်တွေအတွက် စုဆောင်းထားတဲ့ ဆန်အိတ်တွေ ပဲအိတ်တွေကိုလည်း အတင်းအဓ္ဓမ ယူသွားကြတယ်လို့ ရွာသားတွေက ပြောပါတယ်။ စစ်သားတွေ တပ်ဆုတ်သွားပြီ ဆိုပေမယ့်လည်း မလုံခြုံသေးတာကြောင့် နေရပ်မပြန်ရဲသေးဘူးလို့ ဒေသခံတွေက ပြောကြပါတယ်။

chopper-gantgaw
(မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ရဟတ်ယာဉ်ကို ၂၀၂၁ ဒီဇင်ဘာ ၁၇ ရက်နေ့က တွေ့ရစဉ်) Photo: CJ

အဲဒီရွာတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေတင် ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့တာမျိုး မဟုတ်ဘဲ ပျူစောထီး အဖွဲ့တွေကိုလည်း လက်နက်တွေပေးပြီး တိုက်ခိုက်ခိုင်းခဲ့တာလို့ ပြောကြပါတယ်။

နှမ်းခါးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ် PDF တပ်ဖွဲ့ဝင်တစ်ယောက်ကတော့ စစ်ကောင်စီကို ပြန်လည် ခုခံနိုင်ဖို့ လက်နက်တွေ လိုနေပြီလို့ အခုလိုပြောပါတယ်။

“အပြစ်မဲ့ပြည်သူတွေ သေဆုံးရတယ်။ ရက်စက်ယုတ်မာမှုကတော့ ဒေသအသီးသီးမှာ သတ်ဖြတ်နေတာပဲ၊ မှတ်ချက်ပေးဖို့ စကားကို မရှိတော့ပါဘူး။ လက်နက်ကိုင် EAO တွေမရှိပဲတောင် လေကြောင်းကနေ တိုက်ခိုက်နေတာ။ အဓိကကတော့ NUG အစိုးရကို လက်နက်တောင်းဆိုချင်တယ်။ ဘာလို့လဲဆို ကျနော်တို့ ဒီလောက် ထိတွေ့မှုဖြစ်နေတာ လက်နက်ထောက်ပံ့မှုက ရောက်ကို မလာတဲ့အတွက် အခက်ခဲများစွာ ကြုံရတယ်။ တူမီးနဲ့တွန်းလှန်နေရတယ်"

ဂန့်ဂေါဘက်က နှမ်းခါးနဲ့ မွေ့လည်ရွာတွေကို စစ်ကောင်စီက လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်မေးမြန်းဖို့ RFA ကြိုးစားခဲ့ပေမယ့် လတ်တလော ဖုန်းလိုင်းဆက်သွယ်လို့ မရသေးပါဘူး။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီနှမ်းခါးရွာမှာ CNF၊ YDF နဲ့ PDF အဖွဲ့တွေ အစည်းအဝေး ပြုလုပ် နေတဲ့အချိန် စီးနင်းဝင်ရောက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

နှမ်းခါးနဲ့ မွေ့လည်နှစ်ရွာပေါင်း အနည်းဆုံး ၁၉ ယောက်လောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောဆို ပေမယ့် စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ သေဆုံးသူ ခြောက် ယောက်ရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။ စစ်ရဟတ်ယာဉ်တွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တယ် ဆိုတာကိုတော့ စစ်တပ်ဘက်က ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းပြောဆိုထားတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။