လှည်းကူးမြို့ ပဋိပက္ခ ပါဝင်ပတ်သက်သူ ၁၉ ဦး ဖမ်းဆီး
2014.04.07

လှည်းကူးမြို့၊ မြို့မဈေးမှာ ဧပြီ်လ ၄ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ်စဉ်အတွင်း ပါဝင်ပတ်သက်သူ ၁၉ ဦးကို ဖမ်းဆီးထားပြီး အဲဒီနေ့ အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတွေရဲ့ ဗီဒီယိုမှတ်တမ်း ကို ပြန်လည်ကြည်ရှုပြီး ဆက်လက်ဖမ်းဆီးစစ်ဆေး သွားမယ်လို့ သိရပါတယ်။
လှည်းကူးပဋိပက္ခဖြစ်စဉ်ကို အရေးယူမှုနဲ့ ပတ်သက်လို့ လှည်းကူးမြို့နယ် ရဲစခန်းက ဒုရဲအုပ် သန်းထွန်းလင်းက အခုလို ပြောပါတယ်။
"ပုဒ်မ ၃၂၆ နဲ့ ဖွင့်ထားတာ ၃ ယောက် ဖမ်းထား တယ်၊ ပုဒ်မ ၄၄ဝ နဲ့က ၈ ယောက်၊ ပုဒ်မ ၁၈၈ က ၈ ယောက်ပါ၊ ကျနော်တို့ ဗွီဒီယိုဖိုင်ကို ကြည့်ပြီးတော့ ပါတဲ့လူမှန်သမျှကို ဖမ်းမလို့လုပ်ထား ပါတယ်၊ ဗွီဒီယိုဖိုင်မှာ ပစ္စည်းတွေ ရိုက်ခွဲတဲ့လူတွေ ကို တွေ့ရင်မှတ်ပြီးတော့ လိုက်ဖမ်းမှာပေါ့"
လက်ရှိ ဖမ်းဆီးထားတဲ့သူတွေကိုလည်း ရဲစခန်းမှာပဲ ဆက်လက်စစ်ဆေးနေဆဲလို့ သိရပါတယ်။ ဧပြီလ ၄ ရက်နေ့ညနေက လှည်းကူးမြို့ မြို့မဈေးမှာ လူငယ်နှစ်ဦး ရန်ဖြစ်မှုကနေ ရာနဲ့ချီတဲ့မြို့ခံတွေစုဝေးပြီး တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တာကြောင့် ရဲတပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းရာမှာ ပြန်လည် တိုက်ခိုက်မှုတွေ ရှိခဲ့ပါတယ်။
ဒီနေ့ အထိ လှည်းကူးမြို့မှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားပြီး လုံခြုံရေးတင်းကြပ်ထားပါတယ်။