လှည်းကူးမှာ အဓမ္မပြောင်းရွှေ့ ခံရတဲ့ ရွာသားတွေ သမ္မတထံ စာရေး အကူအညီတောင်း


2014.03.22
hlegu-305 ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဇရပ်ကွင်းအုပ်စု လက်ကျိုက်ကျေးရွာကို ဖေဖော်ဝါရီလတုန်းက တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၉) က အတင်းအဓမ္မပြောင်းရွှေ့ခြင်းခံရသူများ
Photo : RFA/ Sann Maw Aung

ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ရဲမွန်တပ်မြို့အနီးမှာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်းက အဓမ္မ ပြောင်းရွှေ့ခံခဲ့ရတဲ့ ကျေးရွာ ၂ ရွာက ရွာသားတွေဟာ မူလရွာတွေမှာ ပြန်လည်နေထိုင်လိုတဲ့အတွက် နိုင်ငံတော်သမ္မတနဲ့  သက်ဆိုင်ရာဌာနတွေကို စာရေးသားတောင်းဆိုထားတယ်လို့  ပြောပါတယ်။

သူတို့ကျေးရွာတွေဟာ ရဲမွန်တပ်မြို့မှာ အခြေစိုက်တဲ့ တပ်မ ၁၁ မရောက်ခင် လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀ လောက်ကတည်းက ရှိခဲ့တဲ့ ကျေးရွာတွေဖြစ်တဲ့အကြောင်းနဲ့ သူတို့အဓမ္မပြောင်းရွှေ့ခံရတာကို အစိုးရက ဖြေရှင်းပေးစေလိုကြောင်း လက်ကျိုက်ကျေးရွာသူ ဒေါ် ရီစမ်းက ပြောပါတယ်။

" ကျွန်မတို့က အရင်ဦးဆုံး ဟိုပြောမယ်ဆိုရင်တော့ လူကြီးသူမတွေ ပြောသွားတာ ဒုတိယ ကမ္ဘာစစ်ဖြစ်ပြီးတည်းက နေသွားတာ ဒီလတ်ကျိုက်က ဟိုတုန်းတည်းက ဟိုအဖွားကြီးက ဟိုနားမှာလုပ်လို့ အဲ့အဖွားလယ်ချောင်တို့ဘာတို့ သူတို့ အမည်တွေတပ်ပြီးတော့ ထားထားတာပေ့ါနော် အဲ့ဒါ အခု ကျွန်မတို့ကလည်း ဘိုးဘွားလက်ထက်တည်းက ဆင်းသက်ပြီးတော့ ဒီလတ်ကျိုက်မှာပဲနေတာ ဒီစစ်တပ်ရောက်လာတယ်ဆိုတာ ကျွန်မတို့ သူစစ်တပ်ရောက်လာပြီးတော့ ရွက်ထည်အမိုးလေးနဲ့ နေတဲ့ အချိန်တည်းက ကျွန်မတို့ လတ်ကျိုက်ကတောင် မုန့်တွေဘာတွေလုပ်ပြီးတော့ သွားရောင်းဖူးတယ်၊ အခုလတ်ကျိုက်ရွာကိုလာမပြောနဲ့ မရှိဘူးဆိုတော့ ကျွန်မတို့လည်း နားမလည်ဘူး"

လှည်းကူးမြို့နယ်က လက်ကျိုက်ကျေးရွာက နေအိမ် ၄၀ လောက်ကို တပ်မ ၁၁ လက်အောက်ခံ ခမရ (၂၁၉)က ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ကျေးရွာသားတွေက အနီးနားမှာ ပြောင်းရွှေ့နေထိုင်နေကြတာပါ။

အလားတူ အင်းပတီးကျေးရွာကိုလည်း ဖေဖော်ဝါရီ ပထမပတ်အတွင်းက မီးရှို့လိုက်ပြီး ကျေးရွာသားတွေကို ပြောင်းရွှေ့ခိုင်းလိုက်တာဖြစ်ပါတယ်။ အဲဒီကျေးရွာတွေဟာ တပ်ပိုင်မြေထဲမှာ ဖြစ်တဲ့အတွက် ၁၉၉၀ လောက်ကလည်း ပြောင်းရွှေ့ခိုင်းခဲ့ဖူးတယ်လို့ သိရပါတယ်။

ကျေးရွာ ၂ ရွာက ရွာသားတွေဟာ မီးရှို့ခံရတဲ့ ကျေးရွာတွေနားမှာပဲ ရွက်ဖျင်တဲထိုး နေထိုင်နေကြပြီး လူဦးရေ စုစုပေါင်း ၃၀၀ လောက်ရှိပါတယ်။ သူတို့ဟာ  တပ်မ ၁၁ ပြောင်းလာစဉ်ကလည်း ရော်ဘာခြံစိုက်ပျိုးရေးနဲ့ တပ်ကိစ္စအားလုံးကို ဆောင်ရွက်ပေးခဲ့သူတွေဖြစ်တယ်လို့ ကျေးရွာသားတွေက ပြောပါတယ်။

အခုလို နေထိုင်စရာဒုက္ခရောက်နေတဲ့ ရွာသားတွေရဲ့ နောက်ဆုံးအခြေအနေအကြောင်း RFA သတင်းထောက် မစန်းမော်အောင် သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။