ရန်ကုန် လှည်းတန်းမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသမီးနှစ်ဦး ပစ်ခတ်ခံရလို့ သေဆုံး

ရန်ကုန်မြို့ လှည်းတန်းဈေးအနီးမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က သေနတ်နဲ့ အပစ်ခံရသူတွေကို တွေ့ရစဥ်
ရန်ကုန်မြို့ လှည်းတန်းဈေးအနီးမှာ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့က သေနတ်နဲ့ အပစ်ခံရသူတွေကို တွေ့ရစဥ် (Photo: Citizen Journalist)

ရန်ကုန်မြို့ လှည်းတန်းဈေးအနီးမှာ ဇူလိုင်လ ၄ ရက် မနေ့က သေနတ်နဲ့ အပစ်ခံရတဲ့ အမျိုးသမီး နှစ်ဦးစလုံး သေဆုံးသွားပြီလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရ ဒေါက်တာ နန္ဒာလှမြင့်က ဇူလိုင်လ ၅ ရက် ဒီနေ့ ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ လှည်းတန်းဈေးမှာ သစ်သီးရောင်းနေတဲ့ ပါတီဝင် အမျိုးသမီးနှစ်ဦးဖြစ်ပြီး စစ်ကောင်စီ သတင်းပေးတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမည်မသိလက်နက် ကိုင်အဖွဲ့က သေနတ်နဲ့ ပစ်ခတ်သွားတာလို့ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

"ဒီလိုလုပ်ရပ်တွေကို လက်မခံဘူး၊ အားလည်းမပေးဘူး။ အဲဒီတော့ ပါတီဝင်တွေအနေနဲ့ လုံခြုံရေးအသိ၊ လုံခြုံရေးသတိနဲ့ နေထိုင်ကြဖို့ ပြောချင်ပါတယ်။ သေနတ်နဲ့အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးစလုံးကတော့ မနေ့ကတည်းက ဆုံးသွားပါပြီ"

သေနတ်နဲ့အပစ်ခံရတဲ့ အမျိုးသမီးနှစ်ဦးဟာ နားထင်နဲ့ ရင်ဘတ်တွေမှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ဈေးရောင်းနေချိန်မှာ ပစ်ခတ်ခံရတာလို့ သူက ဆိုပါတယ်။

အခုပစ်ခတ်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက ပြုလုပ်တယ်ဆိုတာ မသိရသေးပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တစ်နိုင်ငံလုံးက ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် ၁၇၀၀ နီးပါးဟာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရပြီး သတ်ဖြတ်ခံရတာကြောင့် သေဆုံးခဲ့တယ်လို့ ကြံခိုင်ဖွံ့ဖြိုးရေးပါတီဘက်က ပြောဆိုထားပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇူလိုင်လ ၄ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်က အာဏာသိမ်းထားတဲ့ တစ်နှစ်ကျော်အတွင်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ၂၀၅၇ ဦး အသတ်ခံရပြီး ၁၄,၄၅၈ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။