လှိုင်သာယာမှာ ဆန္ဒပြအထည်ချုပ် အလုပ်သမား ၄၀၀ လောက် အလုပ်ရပ်ဆိုင်းခံရ


2014.05.20
asia-rose-305 လှိှိုင်သာယာ စက်မှှုဇုံက Asia Rose အထည်ချုပ်စက်ရုံရှေ့ မှာ မေလ ၂ဝ ရက်နေ့က ဆန္ဒပြတောင်းဆိုနေတဲ့ အလုပ် သမားများကို တွေ့ရစဉ်
Photo: Tun Myint / RFA

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာစက်မှုဇုန် ၄မှာရှိ တဲ့ Asia Rose အထည်ချုပ်စက်ရုံက နေ့စားခ တိုးမြှင့်ပေးဖို့ တောင်းဆိုခဲ့ကြတဲ့ အလုပ်သမား ၄ဝဝ လောက်ကို စက်ရုံ အုပ်ချုပ်ရေးက မနေ့ညက အလုပ်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဆန္ဒပြအလုပ်သမားတွေက တစ်နေ့လုပ်အားခ ၄၀၀ ကျပ်တိုးပေးဖို့နဲ့ ရှားပါးစားရိတ်ကျပ်တစ်သောင်းပေး ဖို့ မေလ ၇ ရက်နေ့က စတင်တောင်းဆိုခဲ့ကြတာ ဖြစ် ပါတယ်။ အာရှနှင်းဆီ အထည်ချုပ်စက်ရုံမှာ ပေးတဲ့ လုပ်ခအကြောင်းကို ဒီကနေ့ သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ရာမှာပါဝင်တဲ့ အလုပ်သမ တစ်ဦးဖြစ်သူ မဝင့်ဝါစိုးက အခုလို ပြောပါတယ်။

"လုပ်သက်ခွင့်တို့ ဆေးခွင့်တို့ ဖူလုံရေးရှောင် တခင်တို့ တိတိကျကျပေးဖို့ အဲ့လိုတောင်းဆိုပါတယ်၊ နှစ်ငယ်တဲ့အတွက် ခြောက်သောင်းကျော် ၊နှစ်ကြီးတဲ့လူကတော့ တစ်သိန်းကျော်ရတယ်၊OT တစ်လလုံးဆင်းရမှာပေါ့၊အဲ့အပေါ်မှာမှ ထပ်ပြီးတော့ နေ့ကြေးထပ်တိုးပေးဖို့တောင်းဆိုတယ် ၊နောက်တခြားသောစရိတ်ထပ်တိုးပေး ဖို့ တောင်းဆိုတယ်၊ နောက်ပြီးအလုပ်နောက်ကျလို့ရှိရင်ဖြတ်တာတွေ၊ဒီမှာအပူအအေးမမျှတာပေါ့နော်  ဘွိုင်လာပျက်တဲ့အခါကျရင် တံခါးမဖွင့်ပေးတာတွေ အဲ့ဒါတွေတောင်းဆိုထားတယ်"

စက်ရုံအုပ်ချုပ်ရေးက မေလ ၁၄ ရက်နေ့ရက်စွဲနဲ့ရေးသားထားတဲ့ ကြေညာချက်ကို မနေ့ညက အလုပ် သမားတွေကို အသိပေးခဲ့တာဖြစ်ပါတယ်။ အဲဒီအထဲမှာ ဆန္ဒပြအလုပ်သမားတွေဟာ စက်ရုံရဲ့ သဘော တူညီချက်ကို ချိုးဖေါက်ပြီး ဆန္ဒပြတာဖြစ်ကြောင်းနဲ့ အလုပ်ပြန်ဝင်လိုတဲ့ အလုပ်သမားတွေ အနေနဲ့ စက်ရုံအုပ်ချုပ်ရေးကို အကြောင်းကြားရမှာ ဖြစ်ကြောင်းလည်း ပါရှိပါတယ်။

အလားတူ လှိုင်သာယာ စက်မှုဇုန် ၄ မှာရှိတဲ့ ရွှေစွမ်းရည် ပီနန်အိတ်စက်ရုံက အလုပ်သမား ၁၅ဝ လောက်ဟာ လုပ်ခလစာ တစ်လ ကျပ်တစ်သောင်းနဲ့  အပိုဆောင်းပေးဖို့  စက်ရုံရှေ့မှာ ဒီနေ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။  လစာလုံလောက်မှုမရှိတဲ့အတွက် ဆန္ဒပြတောင်းဆိုတာလို့ ဆန္ဒပြအလုပ်သမတစ်ဦးဖြစ်တဲ့ မချိုချိုအေးက ပြောပါတယ်။

"အရင်တုန်းကပေါ့နော် ညီမတို့တွေ စုပေါင်းတောင်းဆိုမှှုတွေ တအားလုပ်တယ်၊သူတို့ကပေးတယ် ၊ ပေးပြီးတော့ သူတို့တွေက ဒီနေ့ပေးလို့ရှိရှိရင် ညနေကျရင်စာချုပ်ကို ဖောက်ဖျက်တာပေါ့ ၊စက်ရုံက လွတ်လပ်ပြီးတော့ ခံစားမှှုလည်းမရှိဘူး၊အခု ညီမတို့စက်ရုံက ကျန်တဲ့စက်ရုံတွေမှာ ရှားပါးစရိတ်ဆိုတာရှိတယ်၊ညီမတို့စက်ရုံမှာ ရှားပါးစရိတ်ဆိုတာ လုံးဝမရှိဘူး၊လစာက အရမ်း နည်းနေတယ် ပြီးတော့ နေ့၊ည ဆင်းရတော့ အလုပ်ချိန်များတယ် အဲ့ဒါ ညီမတို့က အဲ့ဒါလစာတွေ တိုးပေးဖို့ပေါ့နော်၊စက်ရုံက ဝန်ထမ်းတွေကလည်းမလုံလောက်ဘူးပေါ့၊အဲ့လစာကို"

ရွှေစွမ်းရည် ပီနန်အိတ်စက်ရုံက အလုပ်သမားတွေဟာ ပျမ်းမျှလစာ ကျပ်၄သောင်းရရှိပြီး တစ်လ ကျပ် တစ်သောင်း ၊ ရှားပါးစရိတ် ကျပ် နှစ်သောင်း၊ ထမင်းစရိတ် ကျပ် တစ်သောင်းနဲ့ ရုံးပိတ်ရက်တွေမှာ အချိန်ပိုဆင်းရရင် လုပ်ခ နှစ်ဆပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံ သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။

ဒီအတောအတွင်း စက်မှုဇုန်တွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်ရှင်၊ အလုပ်သမား ပြသနာတွေကို ဖြေရှင်း နိုင်ဖို့ အတွက် နှစ်ဖက်မျှတစွာ နားလည်ဖို့လိုမယ်လို့ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောကြားလိုက်ပါ တယ်၊ အခု လှိုင်သာယာ စက်မှုဇုန် (၄) က အာရှနှင်းဆီအထည်ချုပ် စက်ရုံက အလုပ်သမား ၄၀၀ အလုပ်ထုတ် ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အလုပ်သမားဝန်ကြီးဌာနက ဝင်ရောက် ညှိနှိုင်း ဖြေရှင်းပေးနေတယ်လို့လည်း သူကပြောပါတယ်။ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံ ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထင်အောင်ကို RFA အဖွဲ့သူ မသင်းသီရိက ဆက်သွယ်မေးမြန်းထား တာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။