လှိုင်သာယာက စစ်ကောင်စီအဖွဲ့ဝင်နဲ့ ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရပြီး သေဆုံး

RFA Burmese
2024.10.14
လှိုင်သာယာက စစ်ကောင်စီအဖွဲ့ဝင်နဲ့ ကိုယ်ရေးအရာရှိ ပစ်ခတ်ခံရပြီး သေဆုံး ပစ်ခတ်ခံရပြီး သေဆုံးသွားသည့် ဦးကျော်သူဝင်း (ခ) ဦးရွှေမန်းကို တွေ့ရစဥ်။
Golden Valley Warriors

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် အနောက်ပိုင်းက စစ်ကောင်စီအဖွဲ့ဝင်တစ်ဦးနဲ့ သူ့ရဲ့ ကိုယ်ရေးအရာရှိတို့ဟာ အောက်တိုဘာလ ၁၃ ရက်နေ့ မနက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက RFA ကို အောက်တိုဘာလ ၁၄ ရက် ဒီနေ့မှာ အတည်ပြုပြောပါတယ်။

လှိုင်သာယာမြို့နယ် အနောက်ပိုင်း၊ အမှတ် ၁၁ ရပ်ကွက်၊ အောင်မင်္ဂလာကျောင်းဝင်းအနီးမှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင်ဖြစ်တဲ့ ဦးကျော်သူဝင်း (ခေါ်) ဦးရွှေမန်းမှာ သေနတ်ဒဏ်ရာ သုံးချက်၊ ကိုယ်ရေးအရာရှိကတော့ ဦးခေါင်းကို သေနတ်ဒဏ်ရာ နှစ်ချက် ပစ်ခတ်ခံရတာပါ။

သူတို့နှစ်ဦးရဲ့ ဒဏ်ရာက ပြင်းထန်တာကြောင့် ဦးကျော်သူဝင်းဟာ မင်္ဂလာဒုံ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေချိန် အောက်တိုဘာလ ၁၃ ရက်နေ့ ညနေမှာ သေဆုံးပြီး ကိုယ်ရေးအရာရှိကတော့ ပစ်ခတ်ခံရတဲ့ နေရာမှာတင် သေဆုံးတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ လှိုင်သာယာမြို့ခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ဦးရွှေမန်းက စစ်ဆေးရုံမှာ ဆုံးတယ်လို့ သိရတယ်ဗျ။ သူ့ရဲ့ ဒရိုင်ဘာ (ကိုယ်ရေးအရာရှိ) ကတော့ ပစ်ခတ်မှုဖြစ်ပြီး ဆေးရုံကားပေါ်ကို တင်ကတည်းက အသက်မရှိတော့ဘူးလို့ သိထားပါတယ်။ သူတို့သေဆုံးသွားတာကတော့ သေချာပါတယ်"

အောက်တိုဘာလ ၁၄ ရက် ဒီနေ့မှာလည်း လှိုင်သာယာမြို့နယ်ထဲမှာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာတွေကို စစ်ဆေးတာ၊ အငှားဆိုင်ကယ်တွေကို ဖမ်းဆီးတာနဲ့ ဖုန်းတွေ စစ်ဆေးတာ လုပ်နေတယ်လို့ သူက ပြောပါတယ်။

ပစ်ခတ်မှုကို ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Golden Valley Warriors အဖွဲ့က လုပ်ခဲ့တာဖြစ်ပြီး ဦးရွှေမန်းဟာ လှိုင်သာယာမြို့နယ်က လူငယ် ရှစ်ရာကျော်ကို စစ်တပ်ထံ အမည်စာရင်းပေးပို့ပြီး အဓမ္မ စစ်မှုထမ်းခိုင်းတာ၊ ကျူးကျော်နေအိမ်တွေကို အင်အားသုံး ဖယ်ရှားတာနဲ့ စက်ရုံအလုပ်သမားတွေကို စစ်မှုထမ်းဖို့အတွက် အဓမ္မ စေလွှတ်ခဲ့တာကြောင့် အခုလို ပစ်ခတ်ရတာလို့ အောက်တိုဘာလ ၁၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။

ဦးကျော်သူဝင်း (ခေါ်) ဦးရွှေမန်းနဲ့ သူရဲ့ကိုယ်ရေးအရာရှိ သေဆုံးမှု နဲ့ပတ်သက်လို့ RFA က သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရန်ကုန်တိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးဌေးအောင်ကို RFA က အောက်တိုဘာ ၁၄ ရက် ဒီနေ့မှာ ဆက်သွယ်ပေမဲ့ ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ပြီး စစ်ကောင်စီအတွက် လူသစ်စုဆောင်းပေးနေတဲ့ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၀၉ ဦးထိ သတ်ဖြတ်ခံရပါတယ်။



မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။