လှိုင်သာယာ မှာ မြေယာလျော်ကြေး ရရှိရေး လယ်သမားတွေ တောင်းဆိုဆန္ဒပြ
2014.05.03

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်က ပန်းလှိုင်ဂေါက်ကွင်းမြေနေရာနဲ့ လှိုင်သာယာ စက်မှုဇုန်(၁)၊ (၂) အတွက် သိမ်းဆည်းထားတဲ့ လယ်မြေဧက ၉၀၀ ကျော်အတွက် လျော်ကြေးငွေပေးဖို့ လယ်သမား တစ်ထောင်နီးပါးဟာ ဒီနေ့ မနက်ပိုင်းက ပန်းလှိုင်ဂေါက်ကွင်းအနီးမှာ ဆန္ဒပြတောင်းဆိုကြ ပါတယ်။
သိမ်းယူစဉ်က လျော်ကြေးငွေလုံးဝမရရှိခဲ့တာကြောင့် ထိုက်တန်တဲ့ လျော်ကြေးပေးဖို့ တောင်းဆိုတာလို့ ဒီနေ့ ဆန္ဒပြရာမှာပါဝင်တဲ့ လယ် ၈ ဧက အသိမ်းခံရတဲ့ လယ်သမား ဦးစိုးသိန်းက ပြောပါတယ်။
"အဲဒီအချိန်တုန်းက ကျနော်တို့ တောင်းဆိုရမှန်းလည်း မသိဘူး၊ ကျနော်တို့ကို ဖယ်ဆိုလို့ ချက်ချင်း ဖယ်ပေးရတာ လယ်မြေပိုင်ဆိုင်တဲ့ စာတမ်းတွေတော့ ရှိတဲ့လူတွေက အကုန်ရှိကြသေးတယ်၊ တချို့လည်း တာဝန်ကျေစပါးတွေရောင်းတာ အထောက်အထားတွေရှိတယ်၊ လက်ရှိပန်းလှိုင်ဂေါက်ကွင်း အဆောက်အဦးတွေဆောက်တယ်၊ လှိုင်သာယာစက်မှု ၁၊ ၂ ဆောက်တယ်၊ ထိုက်တန်တဲ့ နစ်နာကြေးတော့လိုချင်တယ်"
လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ် မတိုင်ခင်က လယ်သမား ၈၇ ဦး ပိုင်ဆိုင်တဲ့ လယ်မြေဧက ၉၀၀ ကျော်ကို လျော်ကြေး မပေးဘဲ အိုးအိမ်ဦးစီးဌာနက သိမ်းယူခဲ့တာလို့ ဒီနေ့ ဆန္ဒပြသူတွေက ပြောပါတယ်။ လက်ရှိ ပန်းလှိုင်ဂေါက် ကွင်းမြေနေရာနဲ့ လှိုင်သာယာစက်မှုဇုန်(၁)၊ (၂) ထူထောင်ထားတဲ့ မြေနေရာတွေမှာ အရင်က ညောင်ကျေးရွာ အုပ်စု၊ ညောင်ဝါ တိုင်စုရွာရှိခဲ့ပြီး အဲ့ဒီတစ်ရွာလုံးက လယ်မြေနဲ့ အိမ်မြေ ဧက ၉၀၀ ကျော် ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီလယ်မြေပြဿနာကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် ဒီဇင်ဘာလ ၂၂ရက်နေ့က တစ်ကြိမ်၊၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ ၇ရက်နေ့က တစ်ကြိမ်နဲ့ ၂၀၁၃ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တစ်ကြိမ် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေးကော်မရှင်ဆီ စာရေးတင်ပြခဲ့ကြတယ်လို့ သိရပါတယ်။