ခါကာဘိုရာဇီ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေး ဒေသခံတွေ ကန့်ကွက်

ကချင်ပြည်နယ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ရဲ့ တောင်ပိုင်းကဧက ၉ သိန်း နီးပါးကို ထပ်မံတိုးချဲ့ပြီး ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းသတ်မှတ်နိုင်ဖို့ အစိုးရက ဆောင်ရွက်နေတာကို ပူတာအိုမြို့မှာ ဒေသခံ အယောက် တစ်သောင်းလောက်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ခါကာဘိုရာဇီ အမျိုးသားဥယျာဉ်တောင်ပိုင်း တိုးချဲ့နယ်မြေ ဧက ၉ သိန်းနီးပါးကို ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ်သတ်မှတ်ဖို့ အစိုးရကဆောင်ရွက်နေမှုကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၈ ရက်နေ့က ပူတာအိုမြို့မှာ ဆန္ဒပြကန့်ကွက်ကြစဉ် Photo:U Lipaw Yet

ကချင်ပြည်နယ်၊ ခါကာဘိုရာဇီအမျိုးသားဥယျာဉ်ရဲ့ တောင်ပိုင်းကဧက ၉ သိန်း နီးပါးကို ထပ်မံတိုးချဲ့ပြီး ယူနက်စကို ရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် ထည့်သွင်းသတ်မှတ်နိုင်ဖို့ အစိုးရက ဆောင်ရွက်နေတာကို ပူတာအိုမြို့မှာ ဒေသခံ အယောက် တစ်သောင်းလောက်က ဒီကနေ့ ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒေသခံတိုင်းရင်းသား ပြည်သူတွေအတွက် အကျိုးမရှိတာကြောင့် နောက်ထပ်တိုးချဲ့တဲ့ ဧရိယာ ဧက ၉ သိန်းနီးပါး ကို ကန့်ကွက်ရတာဖြစ်တယ်လို့ ဆန္ဒပြရာမှာပါတဲ့ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေး ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးလီပေါ်ရဲ့က ပြောပါတယ်။

"နိုင်ငံတော်အတွက်တော့ အကျိုးရှိကောင်းရှိလိမ့်မယ်။ ဒါပေမဲ့ သက်ဆိုင်ရာ လူထုတွေ၊ သက်ဆိုင်ရာ ဒေသခံတွေအတွက် အကျိုးမရှိတဲ့အတွက် ဒါကိုလက်မခံဘူး။ နောက်ထပ်သတ်မှတ်တဲ့ ဧရိယာဟာဆိုရင် ကျနော်တို့ ပူတာအိုမြို့နယ်ရဲ့ ကျေးရွာအစွန်ကနေစပြီး အကုန်လုံးပါသွားပါတယ်။ ကျနော်တို့ ဒီမှာ ထင်းခုတ်ဖို့၊ ဝါးခုတ်ဖို့၊ နောက် ကျနော်တို့ သားငါးရှာဖို့၊ ဟင်းသီးဟင်းရွက် ခူးဖို့တောင်မှ တော်တော်လေးခက်မယ့်သဘောမှာ ရှိတယ်။ နောက်ထပ်တိုးချဲ့တဲ့ဟာတော့ ကျနော်တို့ လုံးဝမလိုလားဘူး"

လွန်ခဲ့တဲ့ ၁၉၉၈ ခုနှစ်က သတ်မှတ်ခဲ့တဲ့ ဧက ၉ သိန်း ကျော်ရှိတဲ့ ခါကာဘိုရာဇီအမျိုးသား ဥယျာဉ်နယ်မြေ ကိုတောင် စနစ်တကျဖွံ့ဖြိုးတိုးတက်အောင် မဆောင်ရွက်နိုင်သေးဘဲ အဲဒီဥယျာဉ်ရဲ့ တောင်ပိုင်း ဧက ၉ သိန်းနီးပါးကို ထပ်မံ တိုးချဲ့ထည့်သွင်းသတ်မှတ်တဲ့အတွက် ကန့်ကွက်ကြတာဖြစ်ပါတယ်။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အခုနှစ် ဇူလိုင် ၂၈ ရက်နေ့က ပူတာအို၊ မချမ်းဘော၊ နောင်မွန်းမြို့နယ်တို့ပါဝင်တဲ့ ဧရိယာ ၉ သိန်းနီးပါးကို ထပ်မံတိုးချဲ့ပြီး ကမ္ဘာ့အမွေအနှစ် နယ်မြေအဖြစ် ထည့်သွင်း သတ်မှတ်ဖို့ ထုတ်ပြန်ခဲ့တာပါ။

အဲဒီလိုထုတ်ပြန်ခဲ့ပြီးနောက်ပိုင်း ဒေသခံတိုင်းရင်းသားပြည်သူတွေက လက်မှတ်ရေးထိုး ကန့်ကွက်ကြသလို အခုရက်ပိုင်းမှာ နိုင်ငံရေးပါတီတွေလည်း ကန့်ကွက်ခဲ့ကြတာဖြစ်ပါတယ်။

အစိုးရကထုတ်ပြန်ထားတဲ့ နယ်မြေထဲမှာ ဒေသခံတိုင်းရင်းသားပြည်သူတွေ အစဉ်အဆက် လုပ်ကိုင်စားသောက် လာတဲ့ မြေနေရာတွေဆုံးရှုံးမှုရှိတဲ့အပြင် ရှေ့ဆက်ရှင်သန်ရပ်တည်ရမယ့် လူမှုစီးပွားဘဝတွေကိုလည်း ထိခိုက် မှာဖြစ်တာကြောင့် ကန့်ကွက်နေကြတာပါ။

ပူတာအို၊ မချမ်းဘော့၊ နောင်မွန်းမြို့နယ်တွေမှာ ပြုလုပ်တဲ့ဆန္ဒပြပွဲကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ၊ လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ စတဲ့ ပါတီတွေနဲ့ တိုင်းရင်းသား ရိုးရာစာပေယဉ်ကျေးမှုအဖွဲ့တွေ အပါအဝင် ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အရှေ့တောင်အာရှရဲ့ အမြင့်ဆုံး ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီ၊ ဖုန်ကန်ရာဇီစတဲ့ ရေခဲနဲ့ ဆီးနှင်းဖုံးတောင်ထိပ်၊ တောင်တန်းတွေတည်ရှိရာ ပူတာအိုဒေသမှာ ရှမ်း၊ ရဝမ်၊ လီဆူ၊ ဂျိန်းဖော စတဲ့ တိုင်းရင်းသားပြည်သူတွေ နေထိုင်ကြတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org