HIV ရောဂါပိုးနဲ့ နေထိုင်သူများ ဆိုင်ရာ ဥပဒေကြမ်းတင်သွင်း

HIV ရောဂါပိုးနဲ့ နေထိုင်သူများဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီး လွှတ်တော် ကို ပေးပို့ထားတယ်လို့ HIV ရောဂါဝေဒနာ ရှင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖီးနစ်အဖွဲ့ ဥက္ကဌ ဦးသီဟကြိုင်က ပြောပါတယ်။

အမျိုးသားလွှတ်တော် အဆောက်အဦးထဲမှာ ဒီဇင်ဘာလ ၁ ရက်နေ့ကကျင်းပတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်နေ့ အခမ်းအနားမှာ ဖီးနစ်အဖွဲ့ ဥက္ကဌ ဦးသီဟကြိုင် ကို တွေ့ရစဉ် Photo: Win Ko Ko Latt/RFA

HIV ရောဂါပိုးနဲ့ နေထိုင်သူများဆိုင်ရာ ဥပဒေကြမ်းကို ရေးဆွဲထားပြီး လွှတ်တော်ကို ပေးပို့ထားတယ်လို့ HIV ရောဂါဝေဒနာရှင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ဖီးနစ်အဖွဲ့ ဥက္ကဌ ဦးသီဟကြိုင် က ပြောပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော် အဆောက်အဦးထဲမှာကျင်းပတဲ့ ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အထိမ်းအမှတ်နေ့ အခမ်းအနားကျင်းပအပြီးမှာ အဲဒီဥပဒေကြမ်း ရေးဆွဲတင်သွင်းရတာနဲ့ ပတ်သက်လို့ ဖီးနစ်အဖွဲ့ ဥက္ကဌ ဦးသီဟကြိုင် က သတင်းထောက်တွေကို ပြောလိုက်တာပါ။

"လူတစ်ယောက်ကို HIV ပိုးရှိတာနဲ့ အလုပ်ကနေထုတ်ပစ်ဖို့ မလုံလောက်ဘူးပေါ့၊ သူ့အတွက် အခွင့်အရေး ကာကွယ်ပေးထားတာရှိပါတယ်၊ HIV ပိုးရှိတဲ့လူကလည်း နိုင်ငံသားတစ်ယောက်ဖြစ်တဲ့အတွက် နိုင်ငံသား တစ်ယောက်ရသင့်တဲ့ အခွင့်အရေး ကျနော်တို့ဆီမှာရှိပါတယ်"

ကျန်းမာရေးဝန်ကြီးဌာန၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ပြည်တွင်းက HIV ကွန်ရက်တွေ စုပေါင်းပြီး ရေးဆွဲထားတာဖြစ်တယ်လို့လည်း ဦးသီဟကြိုင် က ပြောပါတယ်။

ကမ္ဘာ့အေအိုင်ဒီအက်စ်နေ့ အခမ်းအနားကို အမျိုးသားလွှတ်တော်မှာ အခုလို လာရောက်ကျင်းပရင်းနဲ့ ဒီဥပဒေကြမ်း ရေးဆွဲတင်သွင်းထားတာတွေကိုလည်း လွှတ်တော်ကိုယ်စားလှယ်တွေ ပိုမိုသိရှိစိတ် ဝင်စားအောင်လုပ်တာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ်အတွင်း HIV ပိုးနဲ့ အသက်ရှင်နေထိုင်သူ ၂၂၀၀၀၀၊ HIV ပိုး အသစ်ထပ်မံ ကူးစက်ခံရသူအရေအတွက် လက်ရှိမှာ ၁၂၀၀၀ ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org