သေဆုံးသူ ၁၇ ဦး ရုပ်အလောင်းကို ထပ်မံတေ့ွရှိ


2017.09.25
hindu-corpse-622.jpg မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက်မှာ မြှုပ်နှံထားတဲ့ ဟိန္ဒူဘာသာဝင် အလောင်း ၁၇ လောင်းကို စက်တင်ဘာလ ၂၅ ရက်နေ့က ထပ်မံတွေ့ရှိရစဉ်
Photo: Information Committee's Facebook

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ရဲဘော်ကျကျေးရွာအနီးမှာ ရုပ်အလောင်း ၁၇ခုကို ဒီနေ့ ထပ်မံတေ့ွရှိထားတယ်လို့ အဲဒီနေရာကို ရောက်ရှိနေတဲ့ ဟိန္ဒူဘာသာဝင် ကူညီရေးခေါင်းဆောင် ဦးနီမော်လ်က ပြောပါတယ်။

မနေ့ကတွေ့ရှိတဲ့နေရာနဲ့ ပေ ၁၀၀၀ လောက်အကွာမှာရှိတဲ့ မြေကျင်း ၂ ခုကနေ ထပ်တွေ့တာဖြစ်ပြီး အားလုံးက အမျိုးသားရုပ်အလောင်းတွေဖြစ်တယ်လို့ အဲဒီနေရာကို သွားရောက်ခဲ့တဲ့ ဟိန္ဒူဘာသာဝင်ကူညီရေး ခေါင်းဆောင် ဦးနီမောလ် က ပြောပါတယ်။

"ဒီနေ့သွားကြည့်တဲ့အခါကျတော့ မနေ့ကရတဲ့ကျင်းကနေ ပေ ၁၀၀၀ လောက်အကွာအဝေးရှိတယ်၊ အဲဒီမှာ ကျင်း ၂ ကျင်းတွေ့ရတာကတော့ တစ်ကျင်းမှာ ၁၄ လောင်း၊ တစ်ကျင်းမှာ ၃ လောင်း ၁၇ လောင်းရတယ်၊ အားလုံးက အမျိုးသားပဲ၊ အမျိုးသမီး မပါတော့ဘူးဗျ"

ရဲဘော်ကျကျေးရွာ အနောက်မြောက်ဘက် မီတာ ၁၂၀၀ အကွာက မြေကျင်း ၂ ကျင်းကနေ မနေ့က  လူသေ အလောင်း ၂၈ လောင်းကို တွေ့ရှိခဲ့တာကြောင့် စုစုပေါင်း ၄၅ လောင်းတွေ့ထားပြီဖြစ်ပါတယ်။

အဲဒီအလောင်းတွေတွေ့ရှိတဲ့နေရာကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ လုံခြုံရေးနဲ့ နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်၊ လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာနဲ့ တာဝန်ရှိသူတွေ ဒီကနေ့ သွားရောက်လေ့လာရာမှာ ဦးနီမောလ်လည်း လိုက်ပါသွားခဲ့တာ ဖြစ်ပါတယ်။

ARSA အစွန်းရောက် အကြမ်းဖက်သမားတွေကြောင့် စစ်တွေမြို့ကို ထွက်ပြေးရောက်ရှိနေတဲ့ မောင်တောလေးမိုင် က ဟိန္ဒူဘာသာဝင် ဦးနီမောလ်ဆီကို တဖက်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရဲဘော်ကျကျေးရွာဒေသခံတစ်ဦးက ဖုန်းနဲ့ ဆက်သွယ်ပြောကြားချက်အရ သြဂုတ်လ ၂၅ ရက်နေ့က ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀၀ ခန့်ဟာ ရဲဘော်ကျကျေးရွာမှာရှိတဲ့ အမျိုးသား၊ အမျိုးသမီးအယောက် ၁၀၀ ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သတင်းထုတ်ပြန်ရေးကော်မတီက မနေ့က ထုတ်ပြန်ထားပါတယ်။

ရွာရဲ့အနောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာကို ရောက်တဲ့အခါမှာ အမျိုးသား၊ အမျိုးသမီးတွေကို သတ်ဖြတ်ပြီး အမျိုးသမီး ၈ ဦးကို အစ္စလာမ်ဘာသာထဲ ဝင်ခိုင်းခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ ခေါ်ဆောင်သွားခဲ့တယ်လို့လည်း အဲဒီဒေသခံတစ်ဦးရဲ့ ဦးနီမောလ်ဆီ ဆက်သွယ်ပြောကြားချက်အရ သိရကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

အဲဒီအချက်အလက်တွေအရ ဦးနီမောလ်နဲ့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့တွေက ရဲဘော်ကျကျေးရွာသို့ မနေ့က သွားရောက်ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။