ဟီလာရီ ကလင်တန် ခရီးစဉ်အတွင်း လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ မျှော်လင့်

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။

2011.11.29
hillary-clinton-women-day-305 ၂၀၁၁ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် အနှစ်တရာမြောက် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က အမျိုးသမီး သတ္တိရှင်ဆုပေးပွဲကို ဦးဆောင် ကျင်းပနေစဉ်။ (Photo curtesy of State Department/Michael Gross)
State Department

အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေနဲ့ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ သမ္မတထံ မေတ္တာရပ်ခံထားပြီး ဖြစ်တဲ့ အတွက် အခုလို မျှော်လင့်ရတာလို့ ကော်မရှင်ရဲ့ ဥက္ကဋ္ဌ ဦးဝင်းမြက အာရ်အက်ဖ်အေကို ပြောပါတယ်။

ယုံကြည်ချက်ကြောင့် အကျဉ်းကျ ခံနေရသူတွေကို နောက်တစ်ကြိမ် လွတ်ငြိမ်း ချမ်းသာခွင့် ပေးဖို့နဲ့ လွတ်ငြိမ်း ချမ်းသာခွင့်မှာ ထည့်မပေးနိုင်တဲ့သူတွေ ရှိခဲ့ရင် မိသားစုနဲ့ တွေ့ဆုံမှု အဆင်ပြေအောင် သွားလာရ လွယ်ကူတဲ့ အကျဉ်းထောင်တွေကို ပြောင်းရွှေ့ပေးဖို့ အခုလ ၁၂ ရက် ရက်စွဲနဲ့ သမ္မတ ဦးသိန်းစိန်ထံ မြန်မာနိုင်ငံလူ့အခွင့်အရေး ကော်မရှင်က အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။

ပြည်တွင်း ပြည်ပ အဖွဲ့အစည်း အသီးသီးက ထုတ်ပြန်တဲ့ စာရင်းတွေ အရ မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အရေအတွက် အမျိုးမျိုး ကွဲပြားနေပေမယ့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ရဲ့ စုံစမ်း လေ့လာချက် အရတော့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ ၃၀၀ လောက်ပဲ ရှိတော့ကြောင်း ဦးဝင်းမြက ပြောပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ကို အငြိမ်းစား သံအမတ်ကြီးတွေ၊ တက္ကသိုလ် ပါမောက္ခဟောင်းတွေ၊ အစိုးရ အရာရှိဟောင်းတွေနဲ့ အခုနှစ် စက်တင်ဘာ လဆန်းပိုင်းက စတင် ဖွဲ့စည်းခဲ့ပါတယ်။ ကော်မရှင် အနေနဲ့ လောလောဆယ်မှာ မြေယာ သိမ်းယူမှု ကိစ္စ တိုင်တန်းချက်တွေကို အဓိက ကိုင်တွယ် ဖြေရှင်းပေးနေရတယ်လို့ သိရပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ရဲ့ ခရီးစဉ် အတွင်း လွတ်ငြိမ်း ချမ်းသာခွင့် အလားအလာနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြကို အာရ်အက်ဖ်အေ အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင် ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-11-29 17:24

လွှတ်စရာရှိတာလည်း လွှတ်တော့ အခုထိကို မလွှတ်ပေးသေးဘူး နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်တော့ တိုင်းပြည်လည်း စစ်ကြောင့် စနစ်ကြောင့် မွဲနေပြီး