ကယ်ဆယ်ရေးစခန်းတွေကို UNICEF အကြီးအကဲ သွားရောက်လေ့လာ
2019.01.29

အဲဒီစခန်းနှစ်ခုဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ပေါ်ပေါက်လာခဲ့တဲ့ စခန်းတွေပါ။
သက္ကယ်ပြင်ဒုက္ခသည်စခန်းမှာတော့ ကလေးတွေအတွက် UNICEF ကအကူအညီပေးနေတဲ့ အခြေအနေတွေကို အဓိက လေ့လာတာဖြစ်တယ်လို့ စခန်းတာဝန်ခံ ဦးရွှေမောင်က ပြောပါတယ်။
"သူက ကျွန်တော်တို့စခန်းက လူတွေနဲ့ သီးသန့်မတွေ့ဘူးဗျ။ စခန်းကိုလှည့်ပတ်ပြီးတော့ကြည့်တယ်။ စာသင်ကျောင်းတွေကို တောက်လျှောက်သွားတယ်။ ကျောင်းသားတွေနဲ့တွေ့တယ်။ ပြီးတော့ ဆရာ၊ ဆရာမတွေ နဲ့တွေ့တယ်။ တွေ့ပြီးတော့ ကလေးပျော်ကျောင်းကို ရောက်လာတယ်။ အဲဒီကလေးပျော်ကျောင်းထဲမှာပဲ သူက ကလေးတွေ ဂိမ်းဆော့တာကိုလေ့လာပြီးတော့ ပြန်သွားတယ်။ သူက အဓိက ကလေးစောင့်ရှောက်ရေးနဲ့ ကလေးအတွက်ပဲ ဦးစားပေးပြီးလာတာတွေ့ရတယ်"
ကလေးတွေရဲ့ အခြေအနေတွေကို အဓိကလေ့လာတာဖြစ်တဲ့အတွက် ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို သီးသန့်တွေ့ဆုံမေးမြန်းတာမျိုး မရှိဘူးလို့လည်းပြောပါတယ်။
ကလေးတွေရဲ့ ပညာရေး၊ ကျန်းမာရေးအခြေအနေတွေနဲ့ပတ်သက်လို့ ကျောင်းသား မိဘတွေကိုမေးမြန်းခဲ့ရာမှာတော့ ဒုက္ခသည်စခန်းမှာ ရွှေ့ပြောင်းနေထိုင်ကြရတဲ့ အချိန် ၆ နှစ်တာကာလအတွင်းမှာ ပုံမှန်မဟုတ်တဲ့ တိုးတက်မှုအနည်းငယ်သာ ရှိတယ်ဆိုတဲ့အကြောင်း UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးကို ပြောဆိုခဲ့ကြတယ်လို့ဆိုပါတယ်။
သူမဟာ ညနေပိုင်းမှာ စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ ရခိုင်ကယ်ဆယ်ရေးစခန်းအနီးမှာ ဖွင့်လှစ်ထားတဲ့ NFPE လို့ခေါ်တဲ့ ကျောင်းပြင်ပသင်မူလတန်းပညာရေးကျောင်းကို သွားရောက်ခဲ့ပါတယ်။
အဲဒီလိုသွားရောက်ခဲ့တာနဲ့ ပတ်သက်လို့ စစ်တွေမြို့နယ်ပညာရေးမှူး ဦးသန်းကျော်က အခုလိုပြောပါတယ်။
"သူတို့ပြောထားတာကလေ NFPE လို့ခေါ်တဲ့ ကျောင်းပြင်ပ မူလတန်းပညာရေးကိစ္စနဲ့ ပတ်သက်ပြီး လာတာပါ။ အဓိကကတော့ကလေးတွေရဲ့ သင်ယူတတ်မြောက်မှုပေါ့။ အခုက တစ်နှစ်တာ စာမေးပွဲလည်း စစ်တော့မှာလေ။ ဒီတော့ တစ်ယောက်ချင်း သင်ယူတတ်မြောက်မှုတွေကို အဓိကမေးမြန်းလေ့လာတာပါ"
UNICEF ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ရဲ့ ဒီနေ့စစ်တွေခရီးစဉ်မှာ ပြည်နယ်အစိုးရအဖွဲ့နဲ့ တွေ့ဆုံဖို့ လျာထားခဲ့ပေမယ့် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ခရီးလွန်နေတဲ့အတွက် တွေ့ဆုံခွင့်မရခဲ့ပါဘူး။
သူ့ရဲ့ ဒီနေ့ဒီခရီးစဉ်နဲ့ပတ်သက်လို့ ခရီးစဉ်မှာ အတူလိုက်ပါလာတဲ့ UNICEF တာဝန်ရှိသူတွေကို RFA က မေးမြန်းရာမှာ ခရီးစဉ်အတွင်းတွေ့ရှိချက်တွေကို သီးသန့်ထုတ်ပြန်မှာဖြစ်တဲ့ သီးခြားမပြောလိုသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။
မနေ့က နေပြည်တော်မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တေ့ွဆုံခဲ့ပြီး မြန်မာနိုင်ငံနဲ့ UNICEF တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ကိစ္စရပ်တွေအပြင် ကလေးသူငယ်တွေကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ ကျောင်းပြင်ပ အသက်မွေးဝမ်းကျောင်းပညာ လေ့လာသင်ယူရေး စတဲ့ကဏ္ဍတွေမှာ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုပြုလုပ်သွားဖို့ကို ဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။