ဟားခါးက CDM ပါဝင်တဲ့ ဝန်ထမ်းနှစ်ဦးကို ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ်

2021.03.23
ဟားခါးက CDM ပါဝင်တဲ့ ဝန်ထမ်းနှစ်ဦးကို ၅၀၅ (က)နဲ့ ဖမ်းဝရမ်းထုတ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှရွန်းပါရ် (ဝဲ နဲ့ ထန်တလန်မြို့နယ် နှာရိန်းမြို့က ကျောင်းဆရာမ မဒေါ့သ်ရွှေ တို့ရဲ့ ပုံတွေကို တွေ့ရစဉ်
.

အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်တဲ့ ချင်းပြည်နယ်၊ ဟားခါးမြို့က ကျန်းမာရေး လက်ထောက်ညွှန်မှူးနဲ့ ဆရာမတစ်ဦး ကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲထားပြီး ဖမ်းဝရမ်းထုတ်ထားတယ်လို့ ဟားခါးမြို့ပေါ်မှာ ဒီနေ့စာတွေ လိုက်ကပ်ထားပါတယ်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ရှရွန်းပါရ်၊ ထန်တလန်မြို့နယ် နှာရိန်းမြို့မှ ကျောင်းဆရာမ မဒေါ့သ်ရွှေတို့ကို ဖမ်းဝရမ်းထုတ်ခံထားရတာဖြစ်ပါတယ်။

အခုဆိုရင် ဟားခါးမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရသူပေါင်း ၇ ဦးရှိသွားပြီဖြစ်ပြီး သူတို့ရဲ့ ပုံတွေကို မြို့ထဲမှာ စစ်တပ်နဲ့ ရဲက လိုက်လံကပ်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်မှာ မတ်လ ၂၃ရက်နေ့အထိ စစ်အာဏာရှင်ဆန့်ကျင် ဆန္ဒပြသူတွေ အပါအဝင် စစ်တပ်က ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)၊၅၀၅(ခ) ပုဒ်မတွေနဲ့ တရားစွဲဆို ဖမ်းဝရမ်းထုတ်ထားခံရသူ စုစုပေါင်း ၂၂ ဦး ရှိလာပြီ ဖြစ်ပါတယ်။

ဟားခါးမြို့မှာ ၅၀၅(က)နဲ့ တရားစွဲ ဖမ်းဝရမ်းထုတ်ခံရသူ ၇ဦး၊မတူပီမြို့မှာ ၅၀၅(က)၊၅၀၅(ခ)ပုဒ်မတွေနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၆ဦး၊ဖလမ်းမြို့မှာ ဆန္ဒပြရာမှာပါဝင်လို့ ၅၀၅(က)နဲ့ ဖမ်းဆီးခံထားရသူ ၃ဦး၊ ဖမ်းဝရမ်းထုတ်ခံထားရသူ ၂ဦး၊မင်းတပ်မြို့မှာ ၅၀၅(က)၊သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေနဲ့ တရားစွဲဆိုခံထားရသူ ၂ဦး၊ CCPRရုံးမှ ဝန်ထမ်းနှစ်ဦးကိုလည်း ၅၀၅(က)နဲ့ တရားစွဲဆို ဖမ်းဆီးခံထား ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။