မြို့နယ် ၄ ခုမှာ ဂျိုးဖြူရေ ညစ်ညမ်းမှုအများဆုံးဖြစ်ကြောင်း တေ့ွရှိ


2018.03.05
gyophyu-622.jpg ရန်ကုန်မြို့ကို ရေဖြန့်ဝေပေးနေတဲ့ ဂျိုးဖြူရေလှောင်ကန်ကို တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ရန်ကုန်မြို့ကို ဖြန့်ဝေပေးနေတဲ့ ဂျိုးဖြူရေတွေကို စိမ်းလန်းအမိမြေအသင်း သဘာဝပတ်ဝန်းကျင် ဓာတ်ခွဲခန်းမှာ စစ်ဆေးရာ မြောက်ဥက္ကလာ၊ သာကေတ၊ တာမွေနဲ့ စမ်းချောင်းမြို့နယ်တွေမှာ ဘက်တီးရီးယားညစ်ညမ်းမှု အများဆုံးဖြစ်ကြောင်း တေ့ွရှိရတယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

ဘက်တီးရီယားပိုးတွေ မြင့်မားနေပေမယ့် စိုးရိမ်စရာရှိတဲ့ အနေအထားမဟုတ်ဘူးလို့ စိမ်းလန်းအမိမြေအသင်း သဘာဝပတ်ဝန်းကျင်ဓာတ်ခွဲခန်းရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နီလာနွယ်က ပြောပါတယ်။

"ကျမပြောချင်တာကတော့ စိုးရိမ်စရာမရှိဘူးလို့ ကျမပြောချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့နိုင်ငံမှာ မြစ်ရေ၊ ချောင်းရေတွေ သုံးနေတဲ့သူတွေလည်း တပုံကြီးပဲလေ။ မြစ်ရေ၊ ချောင်းရေမှာဆိုရင် ဒီအဏုဇီ၀ ပိုးလေးတွေက ဒီထက်တောင် မြောက်များစွာပါသေးတယ်။ အဲဒီတော့ ဒီလောက်ပမာဏကတော့ မြစ်ရေချောင်းရေနဲ့ သွားယှဉ်လိုက်ရင် မပြောပလောက်ဘူးပေါ့နော်"

စိမ်းလန်းအမိမြေအသင်းဟာ ဂျိုးဖြူရေတွေကို အသုံးပြုကြတဲ့ လှိုင်မြို့နယ်က ၁၀၊ ၁၃ နဲ့ ၅ ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်က မြောက်ဥက္ကလာစက်မှုဇုန်၊ တောင်ဥက္ကလာမြို့နယ်က ၉ ရပ်ကွက်၊ တာမွေမြို့နယ်က မအူကုန်းရပ်ကွက် ၊ စမ်းချောင်းမြို့နယ်က အောင်ချမ်းသာရပ်ကွက်နဲ့ သာကေတမြို့နယ် မာန်ပြေရပ်ကွက်က ရေတွေကို ဖေဖော်ဝါရီလအတွင်းက စမ်းသပ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက်ကတော့ သန့်ရှင်းတဲ့အနေအထားရှိပြီး မြောက်ဥက္ကလာ၊ တာမွေ၊ စမ်းချောင်းနဲ့ သာကေတမြို့နယ်တွေမှာတော့ Coliform လို့ခေါ်တဲ့ ဘက်တီးရီယားပိုးဟာ နိုင်ငံတကာ သတ်မှတ်စံနှုန်းတွေထက် ကျော်လွန်ပါဝင်နေတာလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီမြို့နယ်တွေမှာ မစင်အညစ်အကြေးတွေမှာ ပါဝင်တဲ့ အီကိုလိုင် ပိုးတွေကိုတော့ မတွေ့ရဘူးလို့လည်း ပြောပါတယ်။

စစ်ဆေးချက်တွေအရ ဂျိုးဖြူရေတွေကို အဆင့်ဆင့်လွှဲပြောင်းယူတဲ့အခါမှာ ပိုက်တွေ၊ နေရာတွေရဲ့ မသန့်ရှင်း မှုတွေကြောင့်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။