တိုက်ပွဲတွေကြောင့် ဂွမြို့နယ် ဒေါင်းချောင်းဆင်စခန်းက ဆင်နဲ့ လူတွေ ပြောင်းရွှေ့

RFA Burmese
2024.10.16
တိုက်ပွဲတွေကြောင့် ဂွမြို့နယ် ဒေါင်းချောင်းဆင်စခန်းက ဆင်နဲ့ လူတွေ ပြောင်းရွှေ့ ဂွမြို့နယ် ဒေါင်းချောင်းဆင်စခန်းမှ ဆင်နှင့် လူများ ပြောင်းရွှေ့နေသည်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Photo

ရခိုင်ပြည်နယ် ဂွမြို့နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေါင်းချောင်းရွာ ဆင်စဆန်းနဲ့ သစ်ထုတ်လုပ်ရေး လုပ်ကွက်က ဆင် ၄၅ ကောင်နဲ့ ဝန်ထမ်း ၂၅၀ ဟာ ဧရာ၀တီတိုင်း သာပေါင်းမြို့နယ်ထဲကို အောက်တိုဘာလ ၁၄ ရက်နဲ့ ၁၅ ရက်နေ့တွေမှာ ပြောင်းရွှေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၁၄ ရက်နေ့မှာ ဆင် ၄၅ ကောင်နဲ့ ဝန်ထမ်း ၁၅၀၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ နောက်ထပ် ဝန်ထမ်း တစ်ရာတို့ကို နှစ်သုတ်ခွဲပြီး ပြောင်းရွှေ့ခဲ့တာလို့ သာပေါင်းဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

“ဂွမြို့နယ်၊ ဒေါင်းချောင်း ဆင်ဝိုင်းက ဆင် ၄၅ ကောင်နဲ့ အဲဒီမှာ ဆင်ဝိုင်းမိသားစုတွေကို စစ်တပ်က ဒီနေရာမှာ မလွတ်ဘူး ဖယ်ပေးပါဆိုလို့ အခု တို့ သာပေါင်းမြို့နယ်ထဲက မရမ်းချိုသစ်ထုတ်လုပ်ရေး နေရာဟောင်းကို ပြန်ပြီးပြောင်းလာကြတယ်။ ဆင်တွေကတော့ သူတို့ တောလမ်းကနေ မောင်းလာတာ။ လူတွေကတော့ ကားတွေနဲ့လာတာ”

ဒေါင်းချောင်းရွာဟာ လက်ရှိတိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ကုလားပြင်ရွာနဲ့ ဆယ်မိုင်သာဝေးတဲ့အတွက် ဆင်စခန်းနဲ့ သစ်ထုတ်လုပ်ရေး ဝန်ထမ်းတွေကို စစ်ကောင်စီတပ်က ချက်ချင်းရွှေ့ပြောင်းခိုင်းတာလို့ သူက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ဂွမြို့နယ် ကျိန္တလီမြို့က စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် (AA) က ဩဂုတ်လအတွင်းမှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဂွမြို့နဲ့နီးတဲ့ ရွာတွေအထိ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်လာတာပါ။

စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ တုံ့ပြန်တိုက်ခိုက်မှုတွေလုပ်နေပြီး အောက်တိုဘာလ ၁၂ ရက်နေ့မှာ ဂွမြို့နယ် ကူးတို့လေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ သုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ဆယ်မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အခြေစိုက်ရာ အမ်းမြို့နယ် အပါအဝင် မောင်တောနဲ့ ဂွမြို့နယ်တွေမှာလည်း တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။