ဂွမြို့ သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်နေကြောင်း AA ထုတ်ပြန်

RFA Burmese
2024.12.21
ဂွမြို့ သိမ်းပိုက်နိုင်ရေး ထိုးစစ်အရှိန်မြှင့်နေကြောင်း AA ထုတ်ပြန် ရခိုင်ပြည်နယ် ဂွမြို့နယ် အလယ်ရွာနှင့် ခမရ (၅၆၃) အနီး လူနေအိမ်များအား စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ မီးရှိုးဖျက်ဆီးခဲ့ကြောင်း ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် AA က ထုတ်ပြန်ထားစဉ်။
AA Info Desk

ရခိုင်ပြည်နယ်၊ ဂွမြို့သိမ်းတိုက်ပွဲအတွက် ထိုးစစ်အရှိန်အဟုန်မြှင့်နေတယ်လို့ အာရက္ခတပ်တော် (AA) က ဒီဇင်ဘာ ၂၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီက ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းအပါအဝင် နေရာအစုံကနေ စစ်ကူတပ်တွေ ဖြည့်တင်းနေပေမဲ့လည်း ဂွမြို့ကို မကြာခင်ရက်ပိုင်းအတွင်း စစ်ကောင်စီ လက်လွှတ်ရတော့မှာဖြစ်တယ်လို့ AA က ထုတ်ပြန်လိုက်တာပါ။

AA က တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ မြို့ လေးမြို့ထဲမှာ ဂွမြို့ တစ်မြို့သာ သိမ်းပိုက်ဖို့ ကျန်တော့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဂွမြို့သိမ်းတိုက်ပွဲမှာလည်း စစ်ကောင်စီဘက်က စခန်းတစ်ခုပြီး တစ်ခုကို သိမ်းယူထားနိုင်နေပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဂွမြို့မှာရှိတဲ့ ရွာတွေ၊ လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ တံတားတွေကို မိုင်းခွဲဖျက်ဆီးတာ ဆက်တိုက်လုပ်ပြီး ထွက်ပြေးနေတယ်လို့ AA က ဆိုပါတယ်။ တစ်ဆက်တည်းမှာပဲ ဧရာဝတီတိုင်းထဲကို ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံတိုက်ခိုက်နေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တွေမှာ ဂွမြို့နယ် အလယ်ရွာနဲ့ ဒီဇင်ဘာ ၂၁ ရက်နေ့မှာ ခမရ (၅၆၃) အခြေစိုက်ရာ အနီးအနားက လူနေအိမ်တွေကို စစ်ကောင်စီတပ်တွေက မီးရှိုးဖျက်ဆီးခဲ့တယ်လို့ AA က ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒီလိုစစ်ရာဇဝတ်မှုတွေကို မှတ်တမ်းတင်ထားပြီး ပါဝင်ခဲ့တဲ့ တပ်ရင်း၊ တပ်မတွေနဲ့ အမိန့်ပေးညွှန်ကြားသူတွေကို ဖမ်းဆီးရမိဖို့နဲ့ ထိုက်တန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားမယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်တွင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသလို စစ်ကောင်စီ ပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ ဖုန်းမဖြေပါဘူး။

အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ် ၁၇ မြို့နယ်ထဲက ၁၃ မြို့နယ်ကို သိမ်းပိုက်ထားပြီး အခု ဂွမြို့ကို သိမ်းနိုင်ဖို့အတွက် အပြင်းအထန်ထိုးစစ်ဆင်နေတာပါ။ ရခိုင်ပြည်နယ်ရဲ့ မြို့တော် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့ သုံးမြို့ကိုသာ သိမ်းပိုက်ဖို့ကျန်တော့တယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။