ကိုင်းကြီးရွာသားတစ်ဦး သေနတ်ပစ်ခံရ


2018.06.26
maungtaw-622 မောင်တောမြို့ အဝင်ဝကို တွေ့ရစဉ်
Photo: Min Thein Aung/RFA

ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာမှာ လုံခြုံရေးတပ်ဖွဲ့ရဲ့ သေနတ်ပစ်ခတ်မှုခံရပြီး အသက် ၇၀ ဝန်းကျင် အရွယ်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရွာခံတွေက ပြောပါတယ်။

မှားယွင်းပစ်ခတ်မိတာဆိုပြီး ဒဏ်ရာရတဲ့အမျိုးသားကို ဘူးသီးတောင်မှာ ဆေးကုသဖို့ တပ်မတော်မော်တော်ယာဉ် နဲ့ တင်ဆောင်သွားတယ်လို့ ကိုင်းကြီးရွာခံမျက်မြင်တစ်ဦး က ပြောပါတယ်။

"အသက် ၇၀ ကျော်လူကြီးတစ်ယောက်နဲ့ အသက် ၃၀ ကျော်အရွယ် သားတစ်ယောက် ငါးသွားရှာနေတဲ့ အချိန်မှာ စစ်တပ်က ပစ်ခတ်လိုက်တာ အဘိုးကြီးပေါင်မှာ သေနတ်မှန်သွားပါတယ်။ အခုအဲဒီလူကိုလည်း စစ်တပ်ကယူထားတယ်။ သူတို့ကဆေးကုပေးမယ်၊ သူတို့ကတာဝန်ယူမယ်လို့ ပြောထားပါတယ်"

ကိုင်းကြီးကျေးရွာမှာ နယ်ခြားစောင့်လုံခြုံရေးကင်းစခန်းရှိပြီး မနေ့က ရွာခံသားအဖနှစ်ဦးချောင်းထဲမှာ ငါးရှာနေစဉ် တပ်မတော်သားတွေက လုံခြုံရေးလှည့်လည် သွားလာရာမှာ ပစ်ခတ်ခံရတာဖြစ်တယ်လို့ အဲဒီရွာခံကပြောပါတယ်။

ကိုင်းကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်သန်းချိုကို RFA ကဆက်သွယ်မေးမြန်းရာမှာတော့ သေနတ်ဒဏ်ရာရတာ မှန်ကန်ကြောင်း အတည်ပြုပြောပေမယ့် အသေးစိတ်ကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ပါတယ်။

သေနတ်ထိမှန်ခံရတဲ့အမျိုးသားက အသက်အန္တရာယ် စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။