ကုလ အထူးကိုယ်စားလှယ် ကယ်ဆယ်ရေး စခန်းတွေကို သွားရောက် ကြည့်ရှု
2012.07.31

မနက်ပိုင်းမှာ စစ်တွေမြို့က ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေကို သွားရောက် ကြည့်ရှုခဲ့ပြီး မူဆလင်တွေ ခိုလှုံနေတဲ့ စခန်းတချို့ကိုလည်း သွားရောက်ခဲ့တယ်လို့ သိရပါတယ်။
မစ္စတာ ကင်တားနားဟာ မောင်တောမြို့မှာ မူဆလင် (၅) ဦးကို တွေ့ဆုံမေးမြန်းခဲ့ပြီးတဲ့နောက် အလိုတော်ပြည့် ဘုန်းကြီးကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကိုလည်း တွေ့ဆုံ မေးမြန်း သွားတယ်လို့ မစ္စတာ ကင်တားနားနဲ့ တွေ့ခွင့်ရလိုက်တဲ့ ဒေါ်လှသန်းဝေက RFA ကိုပြောပါတယ်။ မစ္စတာ ကင်တားနားဟာ မောင်တောမြို့ကနေ စစ်တွေကို မနေ့ညနေပိုင်းက ပြန်လည် ထွက်ခွာ သွားခဲ့ပါတယ်။
အခု ခရီးစဉ်ဟာ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခနဲ့ ပတ်သက်ပြီး စုံစမ်းဖို့ အဓိကဖြစ်ကြောင်း မစ္စတာ ကင်တားနားက ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ လတ်တလောအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ပေါ်ပေါက်နေပေမဲ့ ရခိုင်ပြည်နယ်တွင်းက အကြမ်းဖက် ပဋိပက္ခတွေဟာ မြန်မာပြည် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေထဲက တစ်ခုဖြစ်ကြောင်း မြန်မာနိုင်ငံကို ထွက်မလာခင်မှာ ပြောဆို ခဲ့ပါတယ်။
ဒါပေမဲ့ ရခိုင်ပြည်နယ် စစ်တွေနဲ့ မောင်တောကို သွားရောက် ကြည့်ရှုခဲ့အပြီး တွေ့မြင်ခဲ့ရတာတွေကို သတင်းထောက်တွေက မေးမြန်းတဲ့အခါ မစ္စတာ ကင်တားနားက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ကြောင်း အေပီသတင်းက ဖော်ပြပါတယ်။
ဒီအတွင်း အဖွဲ့ဝင်နိုင်ငံ (၅၇) နိုင်ငံ ပါဝင်တဲ့ OIC ခေါ် အစ္စလာမ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မူဆလင် ဒုက္ခသည်တွေ အတွက် နိုင်ငံရေး၊ ဘာသာရေးနဲ့ လူသာချင်း စာနာတဲ့ အကူအညီတွေ ပံ့ပိုးဆောင်ရွက်ကြဖို့ နိုင်ငံတကာ မူဆလင် အသိုင်းအဝိုင်းကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
OIC အဖွဲ့ အတွင်းရေးမှူးချုပ်က ပြောဆိုရာမှာ - နိုင်ငံရေး အကူအညီဆိုတာ မူဆလင် ဒုက္ခသည်တွေ ကိုယ်စား သံရေး တမန်ရေးအရ မြန်မာအစိုးရနဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံမှာ သံရုံးရှိတဲ့ OIC အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့လည်း မူဆလင် ဒုက္ခသည်တွေအပေါ် ဆက်ဆံပြုမူမှုတွေ တိုးတက် ကောင်းမွန်လာအောင် မြန်မာအစိုးရကို တိုက်တွန်းကြဖို့ ဆော်သြထားကြောင်း ပြောဆိုပါတယ်။
ဒါ့ပြင် သြဂုတ်လ (၁၄) ရက် မက္ကာမှာ ကျင်းပမယ့် OIC အထူး ညီလာခံမှာလည်း ရခိုင်ပြည်နယ်ကိစ္စ ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။