ဂူတာပြင်ရွာ အစုလိုက် သတ်ဖြတ်မှု အရေးယူတော့မယ်လို့ တပ်မတော်ကြေညာ

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာမှာ ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် သတ်ပြီး မြှုပ်ထားတဲ့ ကျင်း ငါးကျင်း တွေ့ခဲ့တာနဲ့ပတ်သက်လို့ စစ်စည်းကမ်းအရ အရေးယူတော့မယ်လို့ တပ်မတော်က မနေ့က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
တပ်မတော်က ဖွဲ့စည်းထားတဲ့ ဗိုလ်ချုပ် မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးက ဘူးသီးတောင်နဲ့ မောင်တောနယ်မြေတွေကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်မှ သြဂုတ်လ ၅ ရက် အထိ ဒုတိယအကြိမ် သွားရောက် စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
နှစ်ကြိမ် စစ်ဆေးတွေ့ရှိချက်တွေအရ ဂူတာပြင်ကျေးရွာ ဖြစ်ရပ်တချို့မှာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက် ဖို့ အားနည်းခဲ့တာ တွေရတဲ့အတွက် စစ်စည်းကမ်းအရ အရေးယူရမယ့် အခြေအနေ တွေ့ရှိရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်တရားရုံး (Court- Martial) နဲ့ ဆက်လက် စစ်ဆေး စီရင်နိုင်ရေးအတွက် စစ်ဘက်တရားစီရင်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက် သွားမယ်လို့ဆိုပါတယ်။ စုံစမ်းစစ်ဆေးရေး ခုံရုံးအနေနဲ့လည်း ကျန်ရှိနေသေးသည့် စုံစမ်းစစ်ဆေးမှုများကို ဆက်လက်ပြုလုပ်သွားမယ်လို့ တပ်မတော်ရဲ့ သတင်းမှာ ဖော်ပြ ထားပါတယ်။
အဲဒီ ဂူတာပြင်ဖြစ်ရပ်မှာ တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေက ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားကြတာဖြစ်ပါတယ်။