Grand Royal အရက်ချက်စက်ရုံ မီးလောင်မှု လူ ၂၀ နီးပါးဒဏ်ရာရ
2023.01.14

ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်က Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုကို ၁၆ နာရီကြာအောင် မီးငြှိမ်းသတ်ခဲ့ရပြီး မီးသတ်နဲ့ ပရဟိတအဖွဲ့ဝင် ၂၀ နီးပါး ဒဏ်ရာရခဲ့ တယ်လို့ ကူညီကယ်ဆယ်ခဲ့သူတွေက ပြောပါတယ်။
ဇန်နဝါရီလ ၁၃ ရက်၊ ညနေ ၃ နာရီခွဲဝန်းကျင်က မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာ အမှတ် (၄) လမ်းမဘေးက Grand Royal အရက်ချက်စက်ရုံ မီးလောင်ခဲ့ပြီး ဇန်နဝါရီလ ၁၄ ရက်၊ မနက် ၇ နာရီခန့်မှာ မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်ပါတယ်။
မီးလောင်ကျွမ်းမှုကို အဆင့် ၃ သတ်မှတ်ခဲ့ပြီး မီးသတ်ကား အစီး ၆၀ နီးပါးနဲ့ ငြှိမ်းသတ်ခံ ရတယ်လို့ ကူညီခဲ့သူတစ်ဦးက ပြောပါတယ်။
"၂၀ ဝန်းကျင်လောက်တော့ရှိမယ်။ အဓိကကတော့ မီးဟပ်တဲ့လူနာတွေလောက်ပါပဲ။ ကြီးကြီးမားမားမရှိပါဘူး။ မီးသတ်ရော၊ ကျနော်တို့ ပရဟိတတွေရော ပါပါတယ်"
မီးငြှိမ်းသတ်ခဲ့တဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကလည်း အရက်ဆီသိုလှောင်ရာနေရာတွေမှာ ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။
"အဲဒီမှာ ပေါက်ကွဲမှုက လေးကြိမ်၊ ငါးကြိမ်လောက်ဖြစ်သွားတာ အခုထိတော့ မီးကြွင်းတွေကို ဆက်ငြှိမ်းနေတုန်းပဲ။ ပြာကျသွားတာပေါ့။ သူက အရက်စက်ရုံဆိုတော့လေ။ အရက်သိုလှောင်တဲ့ Tank တွေ၊ ဂိုဒေါင်ကြီးတွေပေါ့ အဲဒါတွေပါသွားတာ"
မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းအရင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်တာ မရှိသေးသလို Grand Royal စက်ရုံကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
စစ်ကောင်စီအတွက် ဝါဒဖြန့်ချိပေးနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီမီးလောင်မှုမှာ အရက်ဆီဂါလန် ၅၀,၀၀၀ ဆံ့ Tank သုံးလုံး၊ အရက်လီတာ ၂၀,၀၀၀ ဆံ့ Tank ခြောက်လုံးနဲ့ ဂိုဒေါင်သုံးလုံးတို့ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ရေးသားနေကြပါတယ်။
Grand Royal Group International (GRGI) ကို ဦးအောင်မိုးကျော်က တည်ထောင်သူနဲ့ တွဲဖက်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ထိုင်းအဖျော်ယမကာအုပ်စု Thai Beverage Public (Thai Bev) ရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုအဖြစ် Grand Royal Group ရဲ့ ဝဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။