သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုတဲ့ပွဲ ကျင်းပ
တတိယ အကြိမ်မြောက် အာရှ ကော့စမို ပိုလီတန်ဆုချီးမြှင့်ပွဲမှာ Grand Prize ဂုဏ်ထူးဆောင် ရရှိခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုတဲ့ပွဲကို နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ ကျင်းပခဲ့ပါတယ်။
-
2017-01-26 -
-
-
တတိယ အကြိမ်မြောက် အာရှ ကော့စမိုပိုလီတန်ဆုချီးမြှင့်ပွဲမှာ Grand Prize ဂုဏ်ထူးဆောင် ရရှိခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုတဲ့ပွဲကို နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ ကျင်းပခဲ့ပါတယ်။
သမ္မတဟောင်း ဦးသိန်းစိန်ဟာ အရှေ့အာရှရဲ့ နိုဘယ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ အဲဒီ အာရှကော့စမိုပိုလီတန် Grand Prize ဆုကို အခု ဇန်နဝါရီလ ၁၅ ရက်နေ့က ဂျပန်နိုင်ငံ နာရာမြို့မှာ လက်ခံရယူခဲ့တာဖြစ်ပါတယ်။
အဲဒီဆုကို အာဆီယံနဲ့ အရှေ့အာရှဆိုင်ရာ စီးပွားရေး သုတေသန သိပ္ပံ (ERIA) ကချီးမြှင့်တာဖြစ်ပြီး ဦိးသိန်းစိန်ရဲ့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီ အပြောင်းအလဲအတွက် အားထုတ်ကြိုးပမ်းခဲ့မှုကို အသိအမှတ်ပြုတဲ့ အနေနဲ့ အခုလို ဆုချီးမြှင့်တာဖြစ်တယ်လို့ ERIA က ထုတ်ပြန်ထားပါတယ်။
ERIA ဟာ အာရှကော့စမိုပိုလီတန်ဆုကို ၂၀၁၂ ခုနှစ်က စတင်ချီးမြှင့်တာဖြစ်ပြီး Grand Prize၊ စီးပွားရေးနဲ့ လူမှုသိပ္ပံဆိုင်ရာဆုနဲ့ ယဉ်ကျေးမှုဆိုင်ရာဆု သုံးဆုကို ချီးမြှင့်တာဖြစ်ပါတယ်။
ဒုတိယအကြိမ် အာရှကော့စမိုပိုလီတန်ဆု ချီးမြှင့်ပွဲကိုတော့ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့ပြီး အဲဒီပွဲမှာ အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း မန်မိုဟန်ဆင်းကို Grand Prize ဂုဏ်ထူးဆောင် ဆုချီးမြှင့်ခဲ့ပါတယ်။
ဒီနှစ်ကျင်းပတဲ့ တတိယအကြိမ်မြောက် အာရှကော့စမိုပိုလီတန်ဆုချီးမြှင့်ပွဲမှာတော့ သမ္မတဟောင်း ဦးသိန်းစိန်က ရရှိခဲ့တာဖြစ်ပြီး ကိုနန်တက္ကသိုလ်က ဂျပန်လူမျိုးပါမောက္ခ မာဆာဟီဆာဖူဂျီတာက စီပွားရေးနဲ့ လူမှုရေးသိပ္ပံဆုနဲ့ ဘယ်လ်ဂျီယံနိုင်ငံသား ဟိုက်ကူ ကဗျာဆရာ ဟာမန်ဗန်ရွမ်ပီက ယဉ်ကျေးမှုဆိုင်ရာဆုကို ရရှိခဲ့တာဖြစ်ပါတယ်။
ဒီကနေ့ ဂုဏ်ပြုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ အခြားနိုင်ငံရေးပါတီတွေကိုလည်း ဖိတ်ကြားထားပါတယ်။ ဒါ့အပြင် သမ္မတဟောင်း ဦးသိန်းစိန်နဲ့အတူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်ဟောင်းတွေ နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဟောင်းတွေလည်း တက်ရောက်ကြပါတယ်။