နိုင်ငံပိုင်ဟိုတယ် နိုင်ငံရေးပါတီ မသုံးစွဲရ


2016.02.16
shwesaneain-hotel-620.jpg နေပြည်တော်က ထူးကုမ္ပဏီပိုင် ရွှေစံအိမ်ဟိုတယ် ကို တွေ့ရစဉ်
Photo: Shwe San Eain hotel Facebook

နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ ဟိုတယ်တွေဟာ နိုင်ငံပိုင် ဟိုတယ်တွေဖြစ်တာကြောင့် နိုင်ငံရေးပါတီတွေ ကပြုလုပ်တဲ့ အစည်းအဝေးတွေကို ကျင်းပခွင့်မပြုကြောင်း နေပြည်တော်ကောင်စီက ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့စွဲ နဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးရဲ့ ၂ဝ၁၂ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့စွဲပါစာကို ရည်ညွန်းကိုးကား ပြီး နေပြည်တော်ကောင်စီက အခု ထုတ်ပြန်ခဲ့တဲ့စာမှာ မြန်မာအစိုးရအနေနဲ့ အာဆီယံထိပ်သီး အစည်းအဝေး ကျင်းပစဉ်က ပြည်တွင်း ပြည်ပကလာတဲ့ ဧည့်သည်တွေ တည်းခိုနေထိုင်ရေး အဆင်ပြေဖို့အတွက် ဒက္ခိဏသီရိ မြို့နယ်မှာ ကုမ္ပဏီ ၁ဝ ခုကို မြန်မာ့စီးပွားရေးဘဏ်ကနေတဆင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီ ကနေ ငွေထုတ်ချေးပြီး ဟိုတယ်တွေ ဆောက်လုပ်ခွင့်ပေးခဲ့ကြောင်း၊ အဲ့ဒီကုမ္ပဏီတွေကို ၁၅နှစ်အတွင်း ချေးငွေပြန် လည်ပေးဆပ်ဖို့ သဘောတူညီမှုနဲ့ ထုတ်ချေးထားတာဖြစ်ပြီး လက်ရှိမှာ ချေးငွေတွေကို ပြန်လည် အကျေပေးဆောင်ခြင်း မရှိသေးတဲ့အတွက်  အဲ့ဒီ ဟိုတယ်တွေဟာ နိုင်ငံပိုင်ဟိုတယ်တွေသာဖြစ်ကြောင်း ပါရှိပါတယ်။

အခုကြေညာချက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက နေပြည်တော်မှာရှိတဲ့ ထူးကုမ္ပဏီပိုင် ရွှေစံအိမ်ဟိုတယ်မှာ NLD ပါတီ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တွေကို သင်တန်းတခု လက်ခံကျင်းပခွင့်ပြုခဲ့တာနဲ့ ဆက်စပ်နေတယ်လို့ ဝေဖန်သူတွေကပြောပါတယ်။

အရင်က အခုလိုတားမြစ်ချက်တွေ မရှိခဲ့တာကြောင့် အန်အယ်လ်ဒီပါတီက ပြုလုပ်တဲ့သင်တန်းကို လက်ခံခဲ့တာဖြစ်တယ်လို့ ထူးကုမ္ပဏီရဲ့ စီးပွားရေးနဲ့ဆက်ဆံရေးဌာနက ဒေါ်ဆွေဆွေညွန့်က ပြောပါတယ်။

"နဂိုကလည်း တားမြစ်ထားတာမရှိတဲ့အတွက် လုပ်လိုက်တာပါ၊ တားမြစ်ထားတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ၊ စည်းကမ်းဖောက်တယ်ပေါ့၊ အခုဟာကတော့ မသိတဲ့အတွက်ကြောင့်မို့ ဘာမှလည်း မပြောထားတဲ့အတွက်ကြောင့်မို့ ကျမတို့ကူညီလိုက်တယ်၊ ကူညီလိုက်တဲ့အချိန်မှာ ဒါလုပ်ပိုင်ခွင့်မရှိဘူးလို့ လာတယ်၊ ကျမတို့ပြီးဆုံးအောင်လုပ်ပေးခဲ့ပါတယ်၊ အဓိကကတော့ နိုင်ငံတော်ဧည့်ဂေဟာဖြစ်နေတဲ့ အတွက်ကြောင့် ဆိုပြီးတော့ပြောတာပါ"

နေပြည်တော်ကောင်စီက ထူးဆောက်လုပ်ရေးဖံ့ွဖြိုးမှုကုမ္ပဏီထံ ဖေဖော်ဝါရီလ ၁၁ ရက်နေ့စွဲနဲ့ ပေးပို့ခဲ့တဲ့ အဲဒီစာမှာ “လိပ်မူပါဟိုတယ်များလု့ိ” သုံးစွဲရေးသားထားတဲ့အတွက် တခြား ဟိုတယ် ၉ ခု ကိုလည်း အလားတူပေးပို့ခဲ့တယ်လို့ ယူဆရပါတယ်။ နိုင်ငံပိုင်ဟိုတယ်တွေမှာ နိုင်ငံရေးပါတီတွေ အနေနဲ့ ဘာကြောင့် အစည်းအဝေးတွေကျင်းပခွင့် မရှိတာလဲ၊  အဲ့ဒီ ဟိုတယ်တွေကို ဘယ်လိုမူနဲ့ ရွေးချယ်ခဲ့တာလဲ၊ ငွေဘယ်လောက်ထုတ်ချေးခဲ့သလဲ၊ အများပြည်သူ ကို ဘာကြောင့် အရင်က အသိမပေးခဲ့တာလဲ ဆိုတာတွေကိုတော့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောကြားခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။