တရုတ်က ပြန်ရောက်လာတဲ့ မြန်မာအလုပ်သမားတွေကို ကူညီထောက်ပံ့

တရုတ်နိုင်ငံ ဆန်းတုန်းမြို့က ပင်လယ်စာ ရေဘဝဲလုပ်ငန်းကို ပွဲစားက လိမ်လည်ပြီး အပို့ခံလိုက်ရတဲ့ မြန်မာ အလုပ်သမား ၁၅ ဦး ဒီနေ့မနက်မှာ မုံရွာမြို့ကို ပြန်လည်ရောက်ရှိလာပါတယ်။

အဲဒီအလုပ်သမားတွေကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နဲ့ စေတနာရှင်တွေ၊ ပရဟိတလူမှုရေးအဖွဲ့တွေက ဒီနေ့ ထောက်ပံ့ကူညီပေးခဲ့ပြီး အသိပညာပေးဟောပြောတာတွေလည်း လုပ်ခဲ့ပါတယ်။

အလုပ်သမား ၁၅ ဦးပါတဲ့ အဲဒီအဖွဲ့ဟာ စစ်ကိုင်းတိုင်းဒေသကြီး ကနီနဲ့ ယင်းမာပင်မြို့နယ်ကဖြစ်ပြီး အမျိုးသမီး ၉ ဦးနဲ့ အမျိုးသား ၆ ဦးဖြစ်ပါတယ်။ တရုတ်အလုပ်ရှင်က သူတို့ကို နေ့ရောညပါ အလုပ်လုပ်ခိုင်းပြီး တစ်ရက်ကို အလုပ်ချိန် ၁၂ နာရီလောက် လုပ်ခဲ့ရတယ်လို့ ပြောကြပါတယ်။

အဲဒီမှာ ထမင်းကျွေးရင် တစ်ရက်ကို ပုံစံခွက် ထမင်းတစ်ပန်းကန်နဲ့ မုန်လာဟင်းတမျိုးနဲ့သာ စားခဲ့ရပြီး နေမကောင်းဖြစ်ရင်လည်း နားခွင့်မရဘူးလို့ ပြောပါတယ်။

သူတို့ရဲ့ မိဘတွေကတဆင့် လွှတ်တော်ကိုယ်စားလှယ်ကို အကူအညီတောင်းခဲ့ကြပြီး အဲဒီကနေ တိုင်းဒေသကြီးအစိုးရအဖွဲ့က အဆင့်ဆင့် ကူညီပေးခဲ့တာကြောင့် ပြန်ရောက်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံက ဇန်နဝါရီ ၁၇ ရက်နေ့က ပြန်လာကြတာဖြစ်ပြီး ဒီနေ့မနက်မှာ မုံရွာမြို့ကို ရောက်လာတာဖြစ်ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မဇာဏီထွဏ်း ပေးပို့တာပါ။