အဖမ်းအဆီးတွေကြောင့် အုန်းချောင်းရွာသားတွေ ထွက်ပြေး
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာက ဒေသခံရွာသားတွေကို အစိုးရတပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် ရွာမှာရှိတဲ့ ရွာသားအားလုံးနီးပါး ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
2019-01-29 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ် အုန်းချောင်းကျေးရွာက ဒေသခံရွာသားတွေကို အစိုးရတပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေတာကြောင့် ရွာမှာရှိတဲ့ ရွာသားအားလုံးနီးပါး ထွက်ပြေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့က ဖမ်းဆီးသွားတဲ့ ရွာသား ၃ဦးကိုတော့ ဒီနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်တယ်လို့လည်း သိရပါတယ်။
လက်ရှိတပ်မတော်ဟာ အုန်းချောင်းရွာအနီးမှာ ရှိနေဆဲဖြစ်တာကြောင့် ဒေသခံတွေဟာ ကြောက်လန့်နေကြပြီး ရွာပြင်ကို မထွက်ရဲကြဘူးလို့လည်း ပြောကြပါတယ်။
အဲဒီလိုကျေးရွာသားတွေကို ဖမ်းဆီးစစ်ဆေးတာတွေနဲ့ ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးမှူး ဗိုလ်မှူးကြီး ဝင်းဇော်ဦး နဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဒီညနေပိုင်းမှာ အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရပါဘူး။
အိမ်ခြေ ၁၈၀ ကျော်ရှိတဲ့ အုန်းချောင်းရွာမှာ မနေ့ကတိုက်ပွဲအတွင်း လက်နက်ကြီးကျည် ထိမှန်တာတွေကြောင့် လူနေအိမ်တချို့နဲ့ ဘုန်းတော်ကြီးကျောင်းက ဓမ္မာရုံလည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း ရသေ့တောင်မြို့နယ်က ကျေးရွာတွေမှာ ဇန်နဝါရီလ ၂၆ရက်နေ့ကစပြီး ရခိုင့်တပ်မတော်AA နဲ့ အစိုးရတပ်မတော်ကြား တိုက်ပွဲတွေဆက်တိုက်ဆိုသလို ဖြစ်ပွားနေပါတယ်။
ဒီလိုတိုက်ပွဲတွေဖြစ်ပွားပြီးနောက် ကျေးရွာသားတွေကို တပ်မတော်က ဖမ်းဆီးစစ်ဆေးတာတွေရှိတယ်လို့ ပြောကြပါတယ်။
မနေ့က အုန်းချောင်းကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်နဲ့ နယ်ခြားစောင့်တပ်တွေက နေအိမ်တွေထဲ ရှာဖွေစစ်ဆေးသလို ရွာသားတချို့ကိုလည်း စစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
"ရွာသားတွေကတော့ ကြောက်တာပေါ့ အိမ်ခြေ ၁၈၀ ရှိတဲ့ရွာမှာ ယောက်ျားတွေ ဘယ်သူမှမရှိတော့ဘူး၊ ဖမ်းမှာကြောက်လို့ အကုန်လုံးထွက်ပြေးသွားကြတယ်၊ စစ်တပ်ကရှိသေးတော့ သူတို့ရွာပြန်မလာရဲကြဘူး"
အမည်မဖော်လိုတဲ့ ကျေးရွာသားတစ်ဦး ပြောသွားတာပါ။
ဒီလိုစစ်ဆေးမေးမြန်းတာတွေနဲ့ ပတ်သက်ပြီး RFA က တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
သမီးလှကျေးရွာအနီးမှာ ဇန်နဝါရီလ ၂၆ရက်နေ့က ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာတော့ ရွာထဲကိုလက်နက်ကြီးကျတာ၊ သေနတ်ကျည်တွေကျတာကြောင့် ကလေးတစ်ဦးအပါအဝင် ဒေသခံ ၃ဦး ထိမှန်ခဲ့ပါတယ်။
လက်နက်ကြီးကျည် ဦးခေါင်းကို ထိမှန်ခဲ့တဲ့ အသက် ၇နှစ်အရွယ် ကလေးဟာ မနေ့က သေဆုံးခဲ့ပါတယ်။
တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့ နှစ်ဘက်စလုံးကတော့ တိုက်ပွဲတွေဖြစ်ပွားတဲ့ကျေးရွာတွေမှာ အရပ်သားတွေကို အကာအကွယ်ယူ တိုက်ခိုက်တာတွေ ရှိတယ်လို့ တဖက်နဲ့ တဖက် စွပ်စွဲပြောဆို တာတွေရှိပါတယ်။
AA အဖွဲ့ဟာ လက်နက်ကိုင်တွေ လိုက်နာရမယ့် တိုက်ပွဲစည်းမျဉ်းစည်းကမ်းကို ချိုးဖောက်ကာ အရပ်သားတွေကို အသုံးချတိုက်ခိုက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။
"ရွာထဲကပစ်သွားတာ ရွာထဲမှာ AA ဝင်နေတာလည်းသေချာတယ်၊ AA ယောင်ဆောင်တယ်ဆိုတာလည်း သေချာတယ်၊ တပ်တွေအနေနဲ့ တိုက်ပွဲတွေတိုက်တဲ့အခါမှာ လိုက်နာရမယ့် အခြေခံစည်းမျဉ်းတွေရှိတယ်၊ ဘယ်သူဘဲဖြစ်ဖြစ် အရပ်သားပြည်သူကို အသုံးချတိုက်ခိုက်လို့မရဘူး၊ ရွာထဲကပစ်ခတ်တယ်ဆိုတော့ အရပ်သားကို အသုံးချတိုက်ခိုက်သွားတာပဲ ဝင်ရှင်းတဲ့အခါကျတော့ စွပ်စွဲချက်တွေ ထွက်လာတယ်၊ တမင်သက်သက် လုပ်ကြံဖန်တီးတဲ့သဘောဖြစ်နေတယ်"
သမီးလှကျေးရွာမှာဖြစ်တဲ့တိုက်ပွဲမှာ ရခိုင့်တပ်မတော် AA က ရွာသားယောင်ဆောင်ကာ ရွာထဲကနေ အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့တဲ့အထောက်အထားတွေ ရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ဒီနေ့မနက်က ပြောခဲ့ပါတယ်။
ဒါနဲ့ပတ်သက်လို့ ရခိုင့်တပ်မတော် AA က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကတော့ ငြင်းဆိုပါတယ်။
"အဲတာက ဗမာစစ်တပ်ဘက်ကနေပြီးတော့ သူတို့လုပ်တာတွေကို ဖုန်းကွယ်ဖို့ တမင်သက်သက် လုပ်ဇတ်ခင်းပြီး ပြောတာ ကျနော်တို့ပြည်သူလူထုကို ဘယ်တော့မှ ခုတုန်းလုပ်ပြီးတော့ ပြည်သူလူထုကို လူသားဒိုင်းကာ လုပ်ပြီးတော့ ဘယ်တော့မှ အဲလိုမျိုး သရဲဘောကြောင့်တဲ့အလုပ်မျိုးမလုပ်ဘူး ကျနော်တို့တိုက်ပွဲဖြစ်တာက ရွာနှစ်ရွာကြားမှာဖြစ်တာ ဗမာစစ်တပ်ဘက်ကနေပြီးတော့ သူတို့အကျအဆုံးများတဲ့အခါကျတော့ အရပ်သားတွေ ကို ဦးတည်လာတာ အဲတာကြောင့် ဘာမှမဆိုင်တဲ့ ရွာထဲကို ပစ်တာ"
သမီးလှကျေးရွာကို ဝင်ရောက်ရှာဖွေရာမှာ ရွှေငွေနဲ့ အဖိုးတန်ပစ္စည်းတွေကို တပ်မတော်က ယူဆောင်သွားတယ်ဆိုပြီး ရွာသားတွေကပြောဆိုတာတွေ၊ ဝေဖန်တာတွေကြောင့် မနေ့က အုန်းချောကျေးရွာက နေအိမ်တွေကို စစ်ဆေးရာမှာ တပ်မတော်က နယ်ခြားစောင့်တပ်နဲ့အတူ ရပ်မိရပ်ဖတွေကို သက်သေအဖြစ် ခေါ်ဆောင်စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လတ်တလောတိုက်ပွဲဖြစ်နေတဲ့ အုန်းချောင်းရွာမှာတော့ တပ်မတော်က ခေါ်ယူစစ်ဆေးမေးမြန်းတာတွေ ရှိလို့ ရွာထဲက အမျိုးသားအားလုံးနီးပါး ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့တာပါ။