မူးယစ်ဆေး အမြစ်ပြုတ်တိုက်မည်ဟု ပြည်ထဲရေးဝန်ကြီးပြော
2011.06.26
ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာ ပြုလုပ်တဲ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ကတိပြု ပြောကြားခဲ့တာပါ။
မြန်မာနိုင်ငံမှာ ၁၉၉၉ ခုနှစ် ကတည်းက စတင်ခဲ့တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ၁၅ နှစ် စီမံကိန်းကို အကောင်အထည်ဖော် လုပ်ဆောင်နေကြောင်း၊ အရှေ့တောင်အာရှ ဒေသ အာစီယံအနေနဲ့လည်း ၂ဝ၁၅ ခုနှစ် နောက်ဆုံးထားပြီး မူးယစ်ဆေးဝါး ကင်းမဲ့ဇုံ အဖြစ် ရည်မှန်းထားတာ ရှိကြောင်း ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ပြောဆိုခဲ့ပါတယ်။ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုဟာ ပြီးခဲ့တဲ့ မေလက ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကော်မတီရဲ့ အကြီးအကဲလည်း ဖြစ်ပါတယ်။
ဒါပေမယ့်လည်း မြန်မာနိုင်ငံရဲ့ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုဟာ ပြီးခဲ့တဲ့နှစ်က ၁၂ ရာနှုန်း တိုးလာခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ မနှစ်က ဘိန်းနဲ့ မူးယစ်ဆေးဝါး အထွက်တိုးခဲ့တာနဲ့ ပတ်သက်ပြီး မူးယစ်ဆေးဝါးကိစ္စ လေ့လာထားတဲ့ ရှမ်းသံတော်ဆင့် သတင်းစာ အယ်ဒီတာ ဦးခွန်ဆိုင်းက အခုလို ပြောဆိုပါတယ်။
“ပြီးခဲ့တဲ့ ဘိန်းရာသီကို ကြည့်ရင် ဘိန်းအထွက်နှုန်း ပိုပြီး တက်လာတယ်ဆိုတာ တွေ့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတာ့ နံပါတ်တစ်က ရာသီဥတု အများကြီး ကောင်းတယ်။ နံပါတ်နှစ်ကတော့ အာဏာပိုင်တွေက ဘာမှ ဟန့်တားမှု မရှိတဲ့အပြင် အားလည်း ပေးသေးတယ်၊ ဒါကြောင့် ပြီးခဲ့တဲ့ ရာသီဟမှာ တော်တော်များများ ထွက်ပါတယ်”
မြန်မာနိုင်ငံမှာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှု သက်ဆိုးရှည်နေတာဟာ အဓိက နိုင်ငံရေးနဲ့ ပတ်သက် ဆက်နွယ်နေကြောင်း၊ ဘိန်းနဲ့ မူးယစ်ဆေးဝါး ကိစ္စမှာ မြန်မာစစ်တပ်နဲ့ အာဏာပိုင်တွေ ပါဝင် ပတ်သက်နေတာဟာလည်း အကြောင်းအရင်းတခု ဖြစ်ကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အကောင်အထည် မဖော်နိုင်ရင် မူးယစ်ဆေးဝါး အမြစ်ပြတ် နှိမ်နင်းရေးဟာ အောင်မြင်ဖို့ မလွယ်ကူကြောင်း ဦးခွန်ဆိုင်းက သုံးသပ် ပြောဆိုခဲ့ပါတယ်။
ဒီကနေ့ နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့မှာ အမေရိကန် ဒေါ်လာ ၅၂ သန်းဖိုးလောက် တန်ဘိုးရှိတဲ့ ဖမ်းဆီးမိထားတဲ့ မူးယစ်ဆေးဝါးတွေကိုလည်း မီးရှို့ ဖျက်ဆီးပြခဲ့ပါတယ်။ ဦးဇော်မိုးကျော်ရဲ့ စုစည်းတင်ပြချက်ကို နားဆင်နိုင်ပါတယ်။
![]() |
စုစည်းတင်ပြချက်။ |
![]() |
အသံဖိုင်ယူရန်။ |