အစိုးရတပ်နှင့် ကေအိုင်အို တိုက်ပွဲဖြစ်ပွား

ကေအိုင်အို လိုင်ဇာဌာနချုပ်နဲ့ ၇ မိုင်လောက်သာဝေးတဲ့ ဒေသမှာ ဒီလ ၁၈ ရက်နေ့က တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ ကေအိုင်အို ဘက်က ပြောပါတယ်။

ဒီလ ၁၈ ရက်နေ့က ကေအိုင်အို တပ်မဟာ ၅ လက်အောက် တပ်ရင်း ၂၄ ဒေသမှာ အစိုးရရဲ့ မြောက်ပိုင်းတိုင်း လက်အောက်ခံတပ်နဲ့ ကေအိုင်အို တပ်တွေ တိုက်ပွဲဖြစ်ခဲ့တာကို ကေအိုင်အို ပြောရေး ဆိုခွင့်ရှိသူ ဦးလနန်က အခုလို ပြောပါတယ်။

"မနေ့ကတော့ တပ်မဟာ ၅ ကျွန်တော်တို့ရဲ့ ၂၄ ဂွင်မှာ နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ ရှိသွားတယ်။ သူတို့ပြန်ပြီးတော့ ထွက်ခွာသွားတဲ့နေရာမှာပေါ့။ ကျွန်တော်တို့ကတော့ ၃၈၈ လို့ ခန့်မှန်းတယ်။ ဒါပေမဲ့ သူတို့က တပ်ရင်း သုံး လေးခုများ ပေါင်းထားလား မသိဘူး။ အင်အား ၁၀၀ ပတ်ဝန်းကျင်လောက် ရှိတယ်။ အဲဒါကြောင့် ကျွန်တော်ထင်တာက အင်အားဖြည့်တာလည်း ပါမယ်။ နောက်ပြီးတော့ သူတို့ရဲ့ လက်နက်ခဲယမ်း၊ နောက်ပြီးတော့ ရိက္ခာတွေ လာပို့တာလည်း ဖြစ်နိုင်တယ်"

မနေ့ ညကလည်း ကေအိုင်အိုနဲ့ ပူးတွဲလှှုပ်ရှားနေတဲ့ ABSDF မြောက်ပိုင်းတပ်တွေရှိရာ လက်ဂျားယန် ကျေးရွာအနီးရှိ တပ်စခန်းမှာ အစိုးရ စကခ ၃ လက်အောက်ခံတပ်တွေ တက်လာလို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကျောင်းသားတပ်မှူးတစ်ဦးက ပြောပါတယ်။

ဒီလ ၁၇ ရက်နေ့ကလည်း လက်ဂျားယန်တပ်စခန်းကို အစိုးရတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး တက်လာလို့ ABSDF မြောက်ပိုင်း ကျောင်းသားတပ်က တစ်ယောက် လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါတယ်။