တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက် ဝန်ကြီးဌာနပေါင်းစုံ ဆွေးနွေး


2013.06.25
yehtut-305.jpg ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
photo: U Ye Htut Facebook

လာမယ့် ဇူလိုင်လ ၁ ရက်နေ့အတွက်ထုတ်ဝေတဲ့ တိုင်းမ်မဂ္ဂဇင်း မှာဖော်ပြထားတဲ့ ဗုဒ္ဓဘာသာ အကြမ်းဖက်မှုပြယုဒ် (The Face of Buddhist Terror) ဆောင်းပါးမှာ ရေးသားထားတဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး အရေးယူသွားဖို့အတွက် မြန်မာနိုင်ငံ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပံုံတင်နှင့်ဖြန့်ချိ ရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ကနေ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီကို တင်ပြမယ်လို့ သိရပါတယ်

ဒီဆောင်းပါးထဲက အချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ဘာသာပေါင်းစုံ ကြားမှာ တည်ဆောက်နေတဲ့ နားလည်မှု လုပ်ငန်းစဉ်ကို အနှောက်အယှက် ဖြစ်စေနိုင်သလို မလိုလားအပ် တဲ့ ဘေးအန္တရာယ်တွေ ကျရောက်နိုင်တဲ့အတွက် ဒီကနေ့ကျင်းပတဲ့ ထုတ်ဝေသူများ မှတ်ပံုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြတာ ဖြစ်တယ်လို့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်က RFA ကို ပြောပါတယ်။

"ဒီနေ့မနက် ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာန အပါအဝင် ဌာနအသီးသီးက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပုံနှိပ်သူများ၊ ထုတ်ဝေသူများ မှတ်ပံုံတင်နှင့် ဖြန့်ချိရေးလုပ်ငန်းများ ကြီးကြပ်မှုဗဟိုအဖွဲ့ အစည်းအဝေးထိုင်ပါတယ်၊ အဲဒီအစည်းမှာ ဝိုင်းဝန်းဆွေးနွေးပြီးတဲ့အခါမှာ တိုင်းမ်းမဂ္ဂဇင်းမှာ ရေးသားထားတဲ့ ရေးသားဖော်ပြချက်က နိုင်ငံအတွင်းမှာ မတည်မငြိမ်မှုတွေ ဖြစ်စေနိုင်တယ်၊ နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့ ပုဒ်မ ၃၆၁၊ ၃၆၂၊ ၃၆၃၊ ၃၆၄ မှာ ပြဌာန်းချက်တွေကိုလည်း ထိခိုက်စေနိုင်တယ်၊ နောက်ကျနော်တို့ဆောင်ရွက်နေတဲ့ ဘာသာပေါင်းစုံကြား နားလည်မှုတည်ဆောက်ရေး လုပ်ငန်းတွေကိုလည်း ထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့ ဒီအရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီအနေနဲ့ လိုအပ်သလို အရေးယူဆောင်ရွက်ပေးနိုင်ရန်လို့ ကျနော်တို့မေတ္တာရပ်ခံဖို့ ဆုံးဖြတ်ပါတယ်၊ အဲဒီအတိုင်းပဲ ကော်မတီရဲ့ ဥက္ကဌအဖြစ် တာဝန်ယူတဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို ကျနော်တို့ မေတ္တာရပ်ခံစာပေးပို့ပြီးဖြစ်ပါတယ်"

ဒီအရေးပေါ် ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဟာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေ ထပ်မံ မဖြစ်ပွားအောင် ကာကွယ်ဖို့အတွက် သမ္မတ ဦးသိန်းစိန်က မတ်လ ၃ဝ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြချက်နဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အမြင်တွေကို မသူဇာက စုစည်းတင်ပြထားပါတယ်။

တိုင်းမ်မဂ္ဂဇင်းမှာ ဖော်ပြချက်အပေါ် အစိုးရရဲ့ ရပ်တည်ချက် အမြင်တွေနဲ့ ပတ်သက်လို့ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယဝန်ကြီး ဦးရဲထွဋ်ကို မသူဇာက ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းမ်မဂ္ဂဇင်း ဖော်ပြချက်နဲ့ ပတ်သက်လို့  နိုင်ငံရေးပါတီတွေရဲ့ သဘောထား အမြင်တွေကို မအိအိခိုင်က စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။