တပ်မတော်နဲ့ TNLA နှစ်ရက် အတွင်း တိုက်ပွဲ ငါးကြိမ်ဖြစ်


2017.05.01
tnla-620.jpg တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်တချို့ကို တွေ့ရစဉ်
Photo: Kan Thar/RFA

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAနဲ့ အစိုးရစစ်တပ်တို့ ဒီလကုန်ပိုင်းလောက်က နှစ်ရက် အတွင်း ရှမ်းပြည်မြောက်ပိုင်းဘက်မှာ တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားခဲ့တယ်လို့ TNLA က ပြောပါတယ်။

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်၊ မန်တုံ၊ နမ္မတူနဲ့ နမ့်ခမ်းဒေသဘက်တွေမှာ ဖြစ်ပွားခဲ့တာလို့ TNLA သတင်းပြန် ကြားရေးတာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောပါတယ်။

"၂၉ ရက်ရယ် ဒီ ၃၀ ရက်ရယ်မှာ တိုက်ပွဲက ပြန်ဖြစ်လာတယ်၊ အဓိကဖြစ်တာကတော့ ကွတ်ခိုင်မြို့ နယ်၊ မန်တုံမြို့နယ်၊ နမ္မတူနဲ့ နမ့်ခမ်းမြို့နယ်တွေဘက်မှာဖြစ်တယ်၊ ၂၅ လောက်ကစပြီးတော့ တပ်မတော်ဘက်က စစ်ကား အစီး ၁၀၀ လောက်ရောက်လာတယ်၊ ၂၇ ၊ ၂၈ ရက်တွေမှာ သူတို့တောထဲမှာ ထိုးစစ်တက်လာတယ်"

TNLAနဲ့ တပ်မတော်ဘက်က တပ်မ(၈၈)တို့ ကွတ်ခိုင်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်နဲ့ နမ္မတူမြို့နယ်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ကတည်းက အစိုးရစစ်တပ်ဘက်က TNLA တပ်တွေရှိရာကို ထိုးစစ်ဆင်လာတဲ့အတွက် လက်ရှိအချိန်အထိ စစ်ရေးတင်းမာနေတယ်လို့ ပြောပါတယ်။

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ဟာ တပ်မတော်နဲ့ စစ်ရေးတင်းမာနေတဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်ပြီး အစိုးရနဲ့ အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးဘဲ ၀ တပ်ဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ဆုံးဖြတ်ထားတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။