တစ်လအတွင်း ပြည်တွင်းရွှေဈေး ၁၀ သိန်းကျော်နဲ့ ဒေါ်လာစျေး ကျပ် ၂၀၀၀ မြင့်တက်
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀ ကျော်နဲ့ အမေရိကန်တစ်ဒေါ်လာစျေး ကျပ် ၂၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ ငွေကြေးနဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
- 2022-09-01
-
-
-
ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း ပြည်တွင်းရွှေစျေး ကျပ်သိန်း ၁၀ ကျော်နဲ့ အမေရိကန်တစ်ဒေါ်လာစျေး ကျပ် ၂၀၀၀ အထိ မြင့်တက်လာခဲ့တယ်လို့ ငွေကြေးနဲ့ ရွှေလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ပြင်ပစျေးကွက်မှာ ဩဂုတ်လ ၁ ရက်နေ့က ပြည်တွင်းအခေါက်ရွှေ တစ်ကျပ်သားကို ၂၃၁၀၀၀၀ ကျပ်နဲ့ အမေရိကန်တစ်ဒေါ်လာကို ၂၅၀၀ ကျပ်ရှိခဲ့ရာကနေ ဩဂုတ်လ ၃၁ နေ့မှာ ရွှေဈေး ၃၅ သိန်းကျပ်ကျော်နဲ့ အမေရိကန် တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၄၅၀၀ ကျပ်အထိ စံချိန်တင် ရောက်ရှိလာတာဖြစ်ပါတယ်။
ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ အဆမတန် မြင့်တက်မှုကြောင့် အခြေအနေတွေက အဆိုးဘက် ကို ရောက်နေတယ်လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
"မြန်မာငွေစျေးက နေ့စဉ်နဲ့အမျှကို တန်ဖိုးကျဆင်းလာနေတာဖြစ်တယ်။ ဒေါ်လာဈေး ကလည်း တင်းကျပ်ထားတဲ့ကိစ္စတွေကြောင့် အခုလိုအခြေအနေအထိဖြစ်လာတာ။ ရွှေဈေးကတော့ ဒေါ်လာဈေးတက်ရင် လိုက်တက်နေမှာ။ အဓိကကတော့ စီမံခန့်ခွဲမှုနဲ့ပဲ ဆိုင်တယ်။ အာဏာသိမ်းပြီးတဲ့အချိန်ကတောင် ဒေါ်လာစျေးက ၂၀၀၀ လောက်ပဲရှိတာ။ အခုကတော့ အခြေအနေက အဆိုးဘက်ကို ရောက်သွားပြီ"
စက်တင်ဘာလ ၁ ရက် ဒီနေ့မှာတော့ ရွှေနဲ့ ဒေါ်လာဈေး အနည်းငယ် ပြန်ကျဆင်းလာပြီး အခေါက်ရွှေ တစ်ကျပ်သားကို ၃၂ သိန်းနဲ့ စျေးဖွင့်ထားသလို အမေရိကန်တစ်ဒေါ်လာကို ၃၈၀၀ ကျပ်စျေးနဲ့ အရောင်းအဝယ်လုပ်နေကြတယ်လို့ ရွှေဆိုင်လုပ်ငန်းရှင်တွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို ပုံသေရည်ညွှန်းဈေး ၂၁၀၀ ကျပ် သတ်မှတ်ထားသလို စစ်ကောင်စီကဖွဲ့စည်းထားတဲ့ ရွှေနဲ့ ငွေကြေးဈေးကွက် လုပ်ငန်း ကော်မတီက ရွှေလုပ်ငန်းရှင်တွေကို ဩဂုတ်လ ၂၇ ရက်နေ့ကတွေ့ဆုံရာမှာ ရည်ညွှန်းဈေး အတိုင်းသာ ရောင်းချဖို့လည်း ပြောဆိုထားပါတယ်။
ဒါ့အပြင် ဒေါ်လာနဲ့ ရွှေကို ရည်ညွှန်းဈေးအတိုင်း မရောင်းသူတွေနဲ့ တရားမဝင် အရောင်း အဝယ် လုပ်သူတွေကို အရေးယူမယ်လို့ ပြောဆိုထားပေမယ့် ပြင်ပပေါက်စျေးမှာတော့ ကြိုက်ရောင်း၊ ကြိုက်ဝယ်စျေးနဲ့သာ အရောင်းအဝယ်လုပ်နေကြတယ်လို့ နိုင်ငံခြားငွေ အရောင်းအဝယ်လုပ်ကိုင်သူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကတော့ စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံ ကုန်ဈေးနှုန်း ကြီးမြင့်လာမှုကို သက်သာစေဖို့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ဆုံးဖြတ်ချက်နဲ့ နိုင်ငံခြားငွေကြေးဈေးကွက်ကနေတဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ကျော် ထောက်ပံ့မယ်လို့ ဩဂုတ်လ ၃၁ ရက် မနေ့က ကြေညာထားပါတယ်။ ဒါပေမဲ့ ဘယ်လိုနည်းလမ်းတွေနဲ့ ထောက်ပံ့မယ်ဆိုတာကိုတော့ ဖော်ပြမထားပါဘူး။