မြန်မာ့ရွှေဈေး ၅၃ သိန်းကျော်အထိ ဆက်လက်မြင့်တက်
2024.05.28
ပြည်တွင်းရွှေဈေးကွက်မှာ မေလ ၂၈ ရက် ဒီနေ့မနက် ပေါက်ဈေးအရ အခေါက်ရွှေ တစ်ကျပ်သားကို ၅၃ သိန်းကျော်အထိ ဈေးရှိနေပြီး ရွှေဈေးနှုန်းက အကျဘက်မရှိဘဲ ဆက်လက်မြင့်နေတယ်လို့ ရွှေလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။
မေလ ၂၇ ရက် မနေ့က ညနေ အပိတ်ဈေးမှာ တစ်ကျပ်သားကို ၅၂ သိန်းအထိ ဈေးပေါက်ရာကနေ ဒီနေ့မနက် ဈေးကွက်စဖွင့်ချိန်မှာ ငါးဆယ့်သုံးသိန်းငါးသောင်း (၅၃, ၅၀၀၀၀) အထိ မြင့်တက်နေတာပါ။
ရွှေဈေးက တစ်ရက်ကို သိန်းဂဏန်းအထိ ဈေးအတက်ကြမ်းနေတာကြောင့် ရွှေရောင်းဝယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေကြုံရတယ်လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“စျေးက ဆက်တိုက်တက်နေတယ်။ အတက်ကိုပဲ သွားနေတဲ့အခါကျတော့ အဆင်မပြေဘူး။ အတက်အကျက အသွားအပြန် မရှိတဲ့အခါကျတော့ အလုပ်လုပ်ရတာ အဆင်မပြေတော့ဘူး။ တစ်နေ့ကို သိန်းဂဏိန်းလောက်ထိ အပြောင်းအလဲ ဖြစ်နေတာကိုး။ အခုက ဆက်တက်မယ့်အရိပ်အယောင်တွေ တွေ့နေရသေးတယ်။ အတက်ကြမ်းမယ့် ပုံမျိုးတွေ့တဲ့အခါ ရွှေဆိုင်ကြီးတွေက အခေါက်ရွှေရောင်းတာတွေ ပိတ်လိုက်တာမျိုးရှိတယ်”
ပြင်ပ ရွှေစျေးတွေ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းရဲ့ သတ်မှတ်ထားတဲ့ ရွှေစျေးနှုန်းကတော့ ကျပ်သိန်းလေးဆယ်နီးပါး (၃၉၉၉၄၀၀) သာရှိပါတယ်။
ပြည်တွင်းငွေလဲနှုန်းတန်ဖိုးကလည်း ပြင်ပစျေးကွက်မှာ အမေရိကန် တစ်ဒေါ်လာကို ၄၃၀၀ ကနေ ၄၄၀၀ ကြား အရောင်းအဝယ်ဖြစ်နေတယ်လို့ ငွေလဲလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောပါတယ်။
“မေလ ပထမပတ်လောက်ကတည်းကစတာ တောက်လျှောက်ပဲတက်တာ။ ဒေါ်လာစျေးဆိုရင်လည်း မေလ ပထမပတ်လောက်ကဆို ၄၀၅၀ ဝန်းကျင်လောက်ကနေ တရိပ်ရိပ် တက်လာခဲ့တာ။ အခု ၄၅၀၀ နားနီးလာပြီ။ မိုးတွင်းပိုင်းမှာ ရွှေတွင်းတွေ ပိတ်လိုက်တာလည်းပါတယ်။ နိုင်ငံရေး မတည်ငြိမ်တဲ့အခါ လူငယ်တွေလည်း အပြင်ထွက်ကြတယ်။ ဒေါ်လာ လိုအပ်ချက်တွေ ပိုဖြစ်လာတယ်”
စစ်ကောင်စီရဲ့ ဗဟိုဘဏ်ဟာ လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြားငွေလဲလုပ်ငန်း လုပ်ကိုင်နေတဲ့ လုပ်ငန်း ၁၆ ခုကို အရေးယူလိုက်တယ်လို့ မေလ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဗဟိုဘဏ်က အရေးယူမှုတွေရှိနေပေမဲ့ ရွှေနဲ့ ဒေါ်လာစျေးကတော့ ဆက်တိုက်မြင့်တက်နေတယ်လို့ ရွှေလုပ်ငန်းရှင်တွေနဲ့ ငွေလဲလုပ်ငန်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။