ရွှေနဲ့ ဒေါ်လာဈေး ဆက်တိုက်မြင့်တက်လာ
2024.07.24
ပြည်တွင်းမှာ အခေါက်ရွှေနဲ့ ဒေါ်လာဈေးနှုန်းတွေ အခုတစ်ပတ်အတွင်းမှာပဲ ဆက်တိုက်မြင့်တက်လာပြီး ဇူလိုင်လ ၂၅ ရက် ဒီကနေ့ မနက်ပိုင်းမှာ အခေါက်ရွှေတစ်ကျပ်သား ငွေကျပ် သိန်းခြောက်ဆယ်နဲ့ အမေရိကန် တစ်ဒေါ်လာကို ကျပ် ငါးထောင်အထိ ရှိလာပါတယ်။
ဒေါ်လာနဲ့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေကတော့ ပြည်တွင်းမှာ ဒေါ်လာလိုအပ်ချက်ကြီးကြီးမားမားရှိနေပြီး အဲဒါကို မဖြည့်ဆည်းပေးနိုင်တာကြောင့် ဈေးတွေတက်လာတာလို့ RFA ကို ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဒေါ်လာဈေးကွက်ထဲ ဖမ်းဆီးမှုတွေ ရှိလာနိုင်တဲ့သတင်းကြောင့် အရောင်းအဝယ်တွေ ရပ်တန့်ခဲ့ရပြီးနောက် အခုလို ဈေးကွက်မတည်မငြိမ်ဖြစ်လာတာလို့ ဒေါ်လာငွေလဲလှယ်လုပ်ကိုင်သူတစ်ဦးက RFA ကို ပြောပါတယ်။
“တစ်ဒေါ်လာ ငါးထောင်ဖြစ်သွားတာ နှစ်ရက်လောက်ရှိပြီ တချို့ဆို အဲဒီဈေးထက်ပိုရောင်းကြတာရှိတယ်။ အခု ကျပ်ငါးထောင်နဲ့ အရောင်းအဝယ်ဖြစ်တယ်။ ဒေါ်လာရှားလာတာရယ်၊ ကြားက လေပတ်ကားတွေ ဈေးဆွဲတင်လို့ရယ်ကြောင့် ဖြစ်လာတာ”
စစ်ကောင်စီက ပြည်တွင်းဘဏ်ခုနစ်ခုကို အိမ်ရာချေးငွေကို ကန့်သတ်ပမာဏထက် ပိုထုတ်ချေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရေးယူမယ်လို့ကြေညာပြီးနောက် ဘဏ်မှာငွေထုတ်ယူသူတွေများပြားလာပြီး ရွှေနဲ့ ဒေါ်လာကို ပြန်ဝယ်တာကြောင့်လည်း အခုလိုဈေးတွေ တက်လာတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို အမေရိန်ကန်ဒေါ်လာ ၂၄၀၃ ဒေါ်လာအထိ မြင့်တက် လာတာကြောင့်လည်း ရွှေဈေးတက်လာတာလို့ ဆိုပါတယ်။
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းကတော့ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် သိန်းငါးဆယ်နီးပါး (၄,၆၅၀,၀၀၀) ရောင်းချဖို့ ဇူလိုင်လ ၂၄ ရက်က ထုတ်ပြန်ထားပါတယ်။