ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ မှတ်တမ်းပြသခွင့်မရ

Global Witness က ရိုက်ကူးထားတဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်း သတင်းစာရှင်းလင်းပွဲ ကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပစဉ်
Global Witness က ရိုက်ကူးထားတဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်း သတင်းစာရှင်းလင်းပွဲ ကို မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ ကျင်းပစဉ် (Photo: Aung Thain Kha/ RFA)

Global Witness က ရိုက်ကူးထားတဲ့ ကျောက်စိမ်းနဲ့ စစ်ဗိုလ်ချုပ်များ Jade and the Generals ရုပ်ရှင်မှတ်တမ်းကို ရန်ကုန်မြို့က Park Royal ဟိုတယ်မှာ ပြသဖို့ စီစဉ်ခဲ့ပေမယ့် ပြသခွင့်မရခဲ့ပါဘူး။

ဟိုတယ်တာဝန်ရှိသူတစ်ဦးက တိုင်းဒေသကြီးအစိုးရရဲ့ခွင့်ပြုချက်ရမှသာ သူတို့အနေနဲ့ ခွင့်ပြုပေးနိုင်မယ် လို့ ပြောတဲ့အတွက် သတင်းစာရှင်းလင်းပွဲသာ ကျင်းပခဲ့ပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ကို ကိုယ်တိုင်သွားရောက်ရိုက်ကူးပေးခဲ့တဲ့ မှတ်တမ်းရုပ်ရှင် ရိုက်ကူးသူ ကိုထူးတေဇာက အခုလိုပြသခွင့်မရတာ မဖြစ်သင့်ကြောင်း ၊ မှတ်တမ်းရုပ်ရှင်တွေကို လွတ်လွတ် လပ်လပ် ပြသခွင့်ရစေ ချင်ကြောင်းပြောပါတယ်။

အဲဒီ မှတ်တမ်းရုပ်ရှင်ဇာတ်ကားဟာ ရိုးရိုးဇာတ်ကားမဟုတ်ဘဲ သက်ဆိုင်ရာတွေနဲ့ ပတ်သက်နေတာ ကြောင့် တိုင်းအစိုးရရဲ့ခွင့်ပြုချက်ယူပြီးမှသာ ပြသခွင့်ပေးဖို့ အတွက် ဝန်ထမ်းတွေကို ဟိုတယ်ရဲ့ တာဝန်ရှိသူတွေကမှာ ကြားထားတယ်လို့သိရပါတယ်။

အခုလိုပြသခွင့်မပြုတာဟာ မြန်မာလူမျိုးတွေအနေနဲ့ အရင်တုန်းကအကြောက်တရားတွေ ရှိနေသေးတယ်လို့ ယူဆကြောင်း Global Witness အဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် Paul Donowitz သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ ပါတယ်။

မှတ်တမ်း ရုပ်ရှင်ဟာ ကချင်ပြည်နယ် ဖါးကန့်ကျောက်စိမ်းတွင်းလုပ်ကွက်တွေရဲ့ နောက်ကွယ်မှာ ဗိုလ်ချုပ်တွေပိုင်ထားတဲ့ စီးပွားရေး ဦးပိုင် လီမိတက်က လွှမ်းမိုးထားကြောင်းနဲ့ ထွက်ရှိတဲ့သယံဇာတ တွေကို တိုင်းပြည်က မခံစားရဘူးဆိုပြီး အဓိက ဖေါ်ပြထားပါတယ်။

ဖားကန့် ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေမှာ မြန်မာစီးပွားရေး ဦးပိုင်ကုမ္ပဏီလီမိတက်က လုပ်ကိုင်တာတွေ အများဆုံးဖြစ်ပြီး အဲ့ဒီ့ဒေသက ဒေသခံတွေ အနေနဲ့ လမ်းသွားရင်း ကျောက်စိမ်း ကောက်ရခဲ့မယ်ဆိုရင်တောင် တရားစွဲဆို အဖမ်းခံရနိုင်တဲ့အတွက် ဖားကန့်နယ်ဟာ ဒေသခံပြည်သူ တွေအတွက် ကျိန်စာသင့်နေတဲ့ နယ်မြေ တစ်ခုလို ဖြစ်နေတဲ့အကြောင်းတွေကို မှတ်တမ်းရုပ်ရှင်ထဲမှာ ပြောထားပါတယ်။

ပြသခွင့်မရခဲ့ပေမယ့် Global Witness အဖွဲ့က ယူကျုအွန်လိုင်းမှာ တင်ထားသလို ဖေ့စ်ဘွတ် အင်တာနက် စာမျက်နှာမှာလည်း တင်ထားပါတယ်။