Global Witness အဖွဲ့ စွပ်စွဲချက်များ ဝန်ကြီးဟောင်း ပြန်လည်ငြင်းဆို


2015.11.27
maungmaungthein-620.jpg ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းကို နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
ဓါတ်ပုံ - မိုးကလျာဦး/RFA

ဗြိတိန်နိုင်ငံ အခြေစိုက် Global Witness အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ စွပ်စွဲထားသလို ကျောက်စိမ်းလုပ်ငန်း လုပ်နေတဲ့ မျိုးနွယ်ကျောက်မျက်ကုမ္ပဏီ၊ မြတ်ယမုံကျောက်မျက်ကုမ္ပဏီနဲ့ သက်ဆိုင်မှုမရှိကြောင်း အစွပ်စွဲခံရ တဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဟောင်း ဦးမောင်မောင်သိမ်းက ငြင်းဆိုလိုက်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်မှာရှိတဲ့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ မနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးမောင်မောင်သိမ်းက ပြောသွားတာဖြစ်ပါတယ်။

"သူ့ရဲ့စွပ်စွဲချက်ထဲမှာ ဦးနေအောင်ဟာ ကျနော့်သား မှန်ပါတယ်၊ မြတ်ယမုံံကျောက်မျက် ကုမ္ပဏီပိုင်ရှင်၏ တူဖြစ်သူ ဦးခင်မောင်မြင့်နဲ့ ကျနော်သား ဦးနေအောင်တို့ဟာ ကျောင်းနေဘက် ဦးခင်မောင်မြင့် ဖွဲ့စည်း တည်ထောင်တဲ့ မျိုးနွယ်ကျောက်မျတ်ကုမ္ပဏီမှာ ဦးနေအောင်ဟာ ငွေကြေးထည့်ဝင် ရင်းနှီးမှုမပါပဲနဲ့ သူငယ်ချင်းဖြစ်သူရဲ့အစီအစဉ်ဖြင့် ဒါရိုက်တာအဖြစ်နဲ့ ပါဝင်လာခဲ့ခြင်းဖြစ်ပါတယ်၊ မျိုးနွယ်ကျောက်မျက် ကုမ္ပဏီ၊ မြတ်ယမုံကျောက်မျက်ကုမ္ပဏီတို့၏ လုပ်ငန်းဆောင်ရွက်မှုများ၊ အောင်မြင်မှုများ၊ ဆုံးရှုံးမှုများကို ကျနော်နဲ့သက်ဆိုင်မှုမရှိတဲ့အတွက် ကျနော်အနေနဲ့ ဘာမှမသိပါဘူး၊ အကျိုးအမြတ်ပိုင်ဆိုင်မှုများလည်း မိမိနဲ့ လုံးဝသက်ဆိုင်မှုမရှိပါဘူး"

Global Witness အဖွဲ့က ဖားကန့်ဒေသမှာ တစ်နှစ်ကျော်ကြာ လေ့လာပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၅ ရက်နေ့က မြန်မာနိုင်ငံရဲ့ ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ဆိုတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အစီရင်ခံစာမှာ ဦးမောင်မောင်သိမ်းရဲ့ အရှိန်အဝါကိုသုံးပြီး လုပ်ငန်းလိုင်စင်ရယူထားတာတွေ ရှိတယ်ဆိုတာကို လည်း ဦးမောင်မောင်သိမ်းက ငြင်းဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်း မြတ်ယမုံ ကုမ္ပဏီပိုင် မိုင်းတွင်းမှာ မတော်တဆမှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၄ဝ ကျော် သေဆုံးခဲ့ရကြောင်း ရေးသားထားတာကိုတော့ ငြင်းဆိုခြင်း မရှိခဲ့ပါဘူး။

အဲ့ဒီအစီရင်ခံစာမထွက်ခင် Global Witness အဖွဲ့က ဦးမောင်မောင်သိမ်းထံ ကျောက်စိမ်းလုပ်ငန်းနဲ့ပတ်သက်ပြီး အကြောင်းကြားစာ နှစ်ကြိမ်ပေးပို့ခဲ့ရာ အဲ့ဒီစာဟာ ခြိမ်းခြောက်တဲ့သဘောရှိနေပြီး  သက်သေအထောက်အထား မရှိတဲ့ စွပ်စွဲချက်တွေဖြစ်တယ်လို့လည်း ပြောပါတယ်။

အဲ့ဒီအစီရင်ခံစာမှာ ကချင်ပြည်နယ်က ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းတွေကနေ ပြီးခဲ့တဲ့နှစ်အတွင်းရရှိတဲ့ တန်ဖိုးငွေ အမေရိကန်ဒေါ်လာ ၃၁ ဘီလီယံအထိရှိပြီး  ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနဲ့ မိသားစုပိုင်ကုမ္ပဏီ၊ လက်ရှိ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်ပိုင် ကုမ္ပဏီနဲ့ ဦးပိုင်ကုမ္ပဏီလီမိတက်တို့က ချုပ်ကိုင်ထားတယ်လို့ လည်း ပါရှိပါတယ်။ ဒါ့အပြင် ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့နဲ့ ပတ်သက်နေတဲ့ အရင်က ဘိန်းဘုရင်လို့ နာမည်ကြီးတဲ့ Wei Hsueh Kang နဲ့ Ever Winner ကုမ္ပဏီပိုင်ရှင် ဦးအိုက်ထွေးတို့ ပါဝင်နေတယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီသတင်းစာရှင်းလင်းပွဲ  အကြောင်းကို RFA သတင်းထောက် မဇာဏီထွဏ်းက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။