စစ်တွေမှာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး ရိုက်နှက်ခံရလို့ သေဆုံး
2023.03.17

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ မင်းဂံရပ်ကွက်မှာ နေအိမ်ကပျောက်ဆုံးသွားပြီးနောက် ရိုက်နှက်ခံရလို့ သတိလစ်မေ့မြောနေတဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးဟာ မတ်လ ၁၇ ရက်နေ့ နေ့လယ်မှာပဲ စစ်တွေဆေးရုံမှာ သေဆုံးသွားတယ်လို့ ကူညီပေးနေသူတွေက RFA ကို ပြောပါတယ်။
သေဆုံးသွားတဲ့ မိန်းကလေးဟာ မတ်လ ၁၅ ရက်နေ့ ညပိုင်းမှာ နေအိမ်ကနေ ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး နောက်တစ်နေ့ မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းမှာ မြို့ပြင်က မီးရထားလမ်းအနီးမှာ အဝတ်မပါဘဲ ရိုက်နှက်ခံထားရတဲ့ဒဏ်ရာနဲ့ တွေ့ရှိခဲ့တာပါ။
ဦးခေါင်းမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ခန္ဓာကိုယ်မှာလည်း ညိုမည်းနေတဲ့ဒဏ်ရာတွေတွေ့ရသလို အဓမ္မပြုကျင့်ခံရတဲ့လက္ခဏာတွေလည်း တွေ့ရတယ်လို့ ရခိုင်အမျိုးသမီးများကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးက RFA ကို ပြောပါတယ်။
"အဲဒီမိန်းကလေး အခု ၂ နာရီလောက်မှာပဲ စစ်တွေဆေးရုံမှာ သေဆုံးသွားပါပြီ။ ဦးခေါင်းမှာရော၊ ခန္ဓာကိုယ်မှာရော ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားတာ။ အခု မှုခင်းရဲတွေကလည်း စစ်ဆေးပြီးပါပြီ။ သူတို့ပြောဆိုချက်အရ Rape လုပ်ခံရတာ သေချာတယ်လို့ ပြောတယ်။ ဆေးစစ်ချက်ကတော့ အခုလောလောဆယ် မရသေးဘူး။ သူတို့ အဲဒီမိန်းကလေးကို Rape လုပ်ပြီး ရထားလမ်းနားမှာ သတ်ပစ်ခဲ့တာဖြစ်မယ်"
လက်ရှိမှာတော့ အဲဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ မသင်္ကာတဲ့ လူငယ်နှစ်ဦးကို ရဲစခန်းက တာဝန်ရှိသူတွေက ဖမ်းဆီးထားပြီး စစ်ဆေးမေးမြန်းမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်တွေမြို့ပေါ်မှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ၁၅ ရက်နေ့ကလည်း ရခိုင်ပြည်နယ် အစိုးရရုံးအနီး ကုန်ပစ္စည်း အရောင်းဆိုင်ထဲမှာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ တစ်နိုင်ငံလုံးမှာ တရားဥပဒေ စိုးမိုးမှုမရှိတော့ဘဲ ခိုးဆိုး၊ လုယက်မှုတွေ ပိုများလာတယ်လို့ လေ့လာစောင့်ကြည့်သူတွေက ပြောပါတယ်။