ဗကသကျောင်းသူ မဖြိုးဖြိုးအောင်ထံ အမေရိကန်သမ္မတဟောင်း ဘုရှ် ဂုဏ်ပြုစာပေးပို့


2015.05.26
phyophyoaung-tharyarwaddy-305.jpg ဗကသ အထွေထွေအတွင်းရေးမှူးး မဖြိုးဖြိုးအောင်ကို မေလ ၁၂ ရက်နေ့က သာယာဝတီခရိုင်တရားရုံးမှာ တွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဗကသကျောင်းသူ မဖြိုးဖြိုးအောင်ထံ အမေရိကန်သမ္မတဟောင်း George W Bush က ဂုဏ်ပြုကြောင်းစာနဲ့ အမှတ်တရ လက်ဆောင်ကို ပေးပို့ခဲ့ပါတယ်။

အမေရိကန်သမ္မတဟောင်းပေးပို့တဲ့စာမှာ ပညာရေး လွတ်လပ်ခွင့်အတွက် ဆက်လက်ရပ်တည်ကြ ဖို့ ရေးသားထားတယ်လို့ မဖြိုးဖြိုးအောင်ရဲ့ ဖခင်ဖြစ်သူ ဒေါက်တာနေဝင်းက ပြောပါတယ်။

"ပညာရေးမှာ တလျှောက်လုံး အများအတွက်လုပ် လာတဲ့အတွက် ဂုဏ်ယူပါတယ်တဲ့၊ မလာနိုင်တဲ့ အတွက် စိတ်မကောင်းပါဘူးတဲ့၊ အားကောင်းကောင်း နဲ့ ရပ်တည်ဖို့ပြောတယ်၊ သင်တို့အားလုံးကို ဘုရား သခင်က ကောင်းချီးပေးပါလိမ့်မယ်တဲ့ အဲ့လို ဆုတောင်းပေးလိုက်တယ်လေ"

မဖြိုးဖြိုးအောင်ဟာ အမေရိကန်သမ္မတဟောင်း George W Bush ဖွင့်လှစ်ထားတဲ့ Liberty and Leadership Forum ကို မနှစ်က တက်ရောက်ခဲ့ပါတယ်။

သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ ဝန်းရံသူတွေထဲက ကျန်းမာရေးမကောင်းသူနဲ့ အဝေးသင်တက္ကသိုလ် တက်ရောက်နေသူ စုစုပေါင်း ၂၀ ကို အာမခံပေးဖို့ တင်ထားတာကို လာမယ့် ဇွန်လ ၂ ရက်နေ့ ရုံးချိန်းမှာ ဆုံးဖြတ်ပေးဖို့ရှိတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"အဝေးသင်တက္ကသိုလ်ကျောင်းသား ၁၃ ယောက်အပါအဝင် အားလုံးပေါင်း အယောက် ၂ဝ လောက်တောင်း ထားတယ်၊ အဲ့ဒါကတော့ ၂ ရက်နေ့ကျမှ အမိန့်ချပေးမယ်လို့ပြောပါတယ်၊ ၃၁ ရက် ၅ လ ၂ဝ၁၅ ရက်နေ့ နောက် ဆုံးထားပြီး တင်ရမယ့်စာစဉ် အချိန်မီအောင် အာမခံပေးပါလို့ ကျနော်တို့ ရှေ့နေများအားလုံးက တင်ပြပါတယ်၊ ဒါပေမဲ့ တရားသူကြီးက ဘာပြောသလဲဆိုတော့ ၃၁ ရက် ၅ လ ၂ဝ၁၅ မှာမှ စာစဉ်မတင်နိုင်ရင် စာမေးပွဲ မဖြေရဘူးလို့ ဘယ်ပါမောက္ခက ထောက်ခံစာပေးသလဲလို့ ပေးပါတယ်"

ဒီနေ့ ရုံးချိန်းမှာ အသက်မပြည့်သေးတဲ့ ပြည်မြို့ကကျောင်းသား ကိုမျိုးသီဟကို အာမခံနဲ့ လွှတ်ပေးလိုက်ပါတယ်။ ဖမ်းဆီးခံကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေဟာ ဥပဒေမဲ့ အစုအဝေးမှာပါဝင်မှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှု ၊ ပြည်သူ့ဝန်ထမ်းကိုနာကျင်စေမှုစတဲ့ ပုဒ်မတွေနဲ့ ဖမ်းဆီးခံထားရတာ ၂လကျော်ရှိနေပြီ ဖြစ်ပါတယ်။

ဒီအတောအတွင်း ဖမ်းဆီးခံကျောင်းသားတွေကို သာယာဝတီတရားရုံးမှာ ဒီကနေ့ ရုံးထုတ်ရာမှာ ရုတ်ရုတ်သဲသဲ အခြေအနေတချို့ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအကြောင်း RFA အဖွဲ့သူ မခက်မာ စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။