ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ပိုဆိုးလာကြောင်း BROUK ထုတ်ပြန်
2024.04.03

ရိုဟင်ဂျာတွေအပေါ် ဆက်လက်ပြီးလူမျိုးတုံးသတ်ဖြတ်မှု ပိုဆိုးလာတယ်လို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (BROUK) က ဧပြီလ ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဒီကိစ္စအပေါ် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချက်ချင်းအရေးယူဆောင်ရွက်ဖို့နဲ့ ဗြိတိန်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီမှာ အရေးပေါ်အစည်းအဝေးတစ်ခု ပြုလုပ်ပေးဖို့လည်း BROUK က တောင်းဆိုပါတယ်။
လတ်တလော သီတင်းပတ်တွေအတွင်းမှာ ရိုဟင်ဂျာလူငယ် တစ်ထောင်ခန့်ဟာ စစ်ကောင်စီရဲ့ အဓမ္မ စစ်သားစု ဆောင်းခံရတယ်လို့လည်း ဆိုပါတယ်။
ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ အသက်ရှင်သန်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်တဲ့အရာတွေ မရနိုင်အောင်လည်း စစ်ကောင်စီက ပြုလုပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအပြင် ရိုဟင်ဂျာတွေရဲ့ လွတ်လပ်စွာသွားလာခွင့်ကို ကန့်သတ်ထားတာကြောင့် အဓမ္မစစ်သား စုဆောင်းမှု၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေက ထွက်ပြေးတိမ်းရှောင်ဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။
“လူမျိုးတုံးသတ်ဖြတ်မှုက ပိုဆိုးလာပြီး ဒါကိုရပ်တန့်ဖို့ အရေးပေါ်ဆောင်ရွက်ဖို့လိုတယ်” လို့ ဗြိတိန်အခြေစိုက် မြန်မာ-ရိုဟင်ဂျာအသင်း (ယူကေ)ရဲ့ ဥက္ကဋ္ဌ ဦးထွန်းခင်က ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
RFA က ပြုစုထားတဲ့စာရင်းတွေအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ဧပြီလ ၁ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းဗုံးကြဲမှုတွေကြောင့် သေဆုံးတဲ့ ရိုဟင်ဂျာ ရှစ်ဆယ်နီးပါးနဲ့ ဒဏ်ရာရသူ ၁၃၀ နီးပါး ရှိနေပါတယ်။