ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်ကို သတ်ဖြတ်တယ်လို့ စွပ်စွဲပြီး လူငယ် ၁၀ ဦး အဖမ်းခံထားရ

2022.10.31
ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်ကို သတ်ဖြတ်တယ်လို့ စွပ်စွဲပြီး လူငယ် ၁၀ ဦး အဖမ်းခံထားရ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နှင့် သမက်ဖြစ်သူအား လုပ်ကြံသည်ဆိုသည့် စွပ်စွဲချက်နှင့် ဖမ်းဆီးထားသည်ဆိုသည့် လူငယ် ၁၀ ဦးပုံအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့က စစ်ကောင်စီ၏ သတင်းစာတွင် ဖော်ပြထားသည်ကို တွေ့ရစဉ်။
Photo: Myanmar Military

ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူကို လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်းလျားမြို့ပြပြောက်ကျားအဖွဲ့ (IUF) အဖွဲ့ဝင် လူငယ် ၁၀ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက အောက်တိုဘာ ၃၀ ရက် မနေ့ညက သတင်းထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အမျိုးသမီး သုံးဦး၊ အမျိုးသား ခုနစ်ဦး ပါဝင်ပြီး အောက်တိုဘာ ၁ ရက်ကနေ ၆ ရက်နေ့အတွင်းမှာ အဆင့်ဆင့် ကွင်းဆက်လိုက်ပြီး ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။စစ်ကောင်စီထုတ်ပြန်ချက်မှာ လူငယ်တွေရဲ့ အသက်အရွယ် အတိအကျကို ဖော်ပြမထား ပေမယ့် ဓာတ်ပုံတွေအရ တချို့က အသက် ၂၀ အောက်နဲ့ တချို့က အသက် ၂၀ ကျော် အရွယ်တွေ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် စက်တင်ဘာ ၂၄ ရက်နေ့က ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇတို့ ရန်ကုန် လှိုင်မြို့နယ်က‌ သူတို့ရဲ့နေအိမ်မှာပဲ လုပ်ကြံသတ်ဖြတ် ခံရပြီး အခု တစ်လကျော်အကြာမှာ လူငယ် ၁၀ ဦးကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ထုတ်ပြန်လာတာပါ။

စစ်ကောင်စီက IUF အဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးထားကြောင်း ကြေညာတဲ့ အောက်တိုဘာ ၃၀ ရက်ညမှာပဲ အင်းလျားမြို့ပြပြောက်ကျားအဖွဲ့ (IUF) ကလည်း သူတို့အဖွဲ့ဝင်တွေ အဖမ်းခံထားရတယ်၊ စစ်ကြောရေးကြောင့် ဖမ်းဆီးခံရသူတွေရဲ့ အသက်အန္တရာယ် စိုးရိမ် နေရပြီး ကျန်အဖွဲ့ဝင်တွေကတော့ ထိုင်း - မြန်မာနယ်စပ် လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီလို့ ထုတ်ပြန်ထားပါတယ်။

သူတို့အဖွဲ့ဝင် ဘယ်နှဦး အဖမ်းခံထားရသလဲဆိုတာကိုတော့ အတိအကျ ပြောမထားပါဘူး။

စစ်ကောင်စီထုတ်ပြန်ချက်မှာတော့ အခုဖမ်းမိတဲ့ IUF အဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ် ဧပြီ ၁၀ ရက်နေ့မှာ ဗိုလ်မှူး ကုဋေဖြိုးအောင်၊ ဇူလိုင် ၂၈ ရက်နေ့မှာ ဗိုလ်တထောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဝင်း (ခ) ဘော်ဘီ၊ စက်တင်ဘာ ၂၄ ရက်နေ့မှာ ဗိုလ်မှူးချုပ်ဟောင်း အုန်းသွင်နဲ့ သမက်ဖြစ်သူ ဗိုလ်ကြီးဟောင်း ရဲတေဇ အပါအဝင် စစ်ကောင်စီရဲ့ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကို လုပ်ကြံသတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။

အခုအဖမ်းခံရသူ လူငယ် ၁၀ ဦးစလုံးဟာ IUF အဖွဲ့ဝင်တွေ ဟုတ်၊ မဟုတ်ဆိုတာ RFA က သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

ဒီကိစ္စ အသေးစိတ် သိနိုင်ဖို့အတွက် IUF အဖွဲ့ကို ကြိုးစားဆက်သွယ်နေပေမယ့် ဆက်သွယ် လို့ မရသေးပါဘူး။

RFA က လက်လှမ်းမီသလောက် ပြုစုထားတဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် နိုဝင်ဘာကနေ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ၁၁ လအတွင်း လက်ရှိ တာဝန်ထမ်းနေဆဲ စစ်တပ်အရာရှိနဲ့ အရာရှိဟောင်း ကိုးဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာ ၂၈ ရက်နေ့ထိ စာရင်းအရ စစ်အာဏာသိမ်း နှစ်နှစ်နီးပါးအတွင်း ဖမ်းဆီးခံထားရသူ ၁၂, ၇၈၃ ဦး ရှိပြီး အဲဒီအထဲက ၁၆၀၉ ဦး ဟာ ထောင်ဒဏ်တွေ အသီးသီး ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။