ဗိုလ်ချုပ်ကျောက်တိုင် သိမ်းယူတာ ကန့်ကွက်သူများ အရိုက်ခံရ


2014.10.05

ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ် ရန်ကုန်-မန္တလေး လမ်းမကြီးနံဘေးရှိ အင်းတကော်ကျေးရွာက ဗိုလ်ချုပ်ကျောက်တိုင်နဲ့ ဗိုလ်တဲ မြေနေရာကို ကုမ္ပဏီ တခုက သိမ်းယူထားတာနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့ ဒေသခံတွေကို အမည်မသိ လူဆိုးတချို့က  ဝင်ရောက် ရိုက်နှက်ခဲ့တယ်လို့ သိရပါတယ်။

အင်းတကော်ကျေးရွာရှိ ဗိုလ်ချုပ်ကျောက်တိုင်ရှေ့မှာ ဒေသခံတွေက သတင်းစာ ရှင်းလင်းပွဲကျင်းပဖို့ ပြင်ဆင်နေစဉ် လူဆိုး ၂ဝ ခန့်က ဝင်ရောက် ရိုက်နှက်ခဲ့တာဖြစ်ပြီး ဒဏ်ရာပြင်းထန်တဲ့ရွာသား ၂ ဦးကို ပဲခူးမြို့ ပြည်သူ့ဆေးရုံမှာ တင်ထားရတယ်လို့ ရွာသား ကိုတင်နိုင်အေးက ပြောပါတယ်။

" အင်းတကော် သတင်းစာရှင်းလင်းပွဲမှာ ဝင်ရိုက်သွားတာဆိုတာ ကျွန်တော်တို့ သတင်းစာရှင်းလင်းပွဲ အစပဲရှိသေးတယ် လူအယောက် ၂၀ ခန့်က မီးချောင်းတွေ ပုလင်းတွေနဲ့ ကျွန်တော်တို့ကို ဝင်ရိုက်သွားတာ"

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ်က ငါးဧကခန့် ကျယ်တဲ့ ဗိုလ်တဲမြေနေရာကို စိုက်ပျိုးရေး ကုမ္ပဏီဖြစ်တဲ့ ဘရားသား ကုမ္ပဏီက သိမ်းဆည်းထားတာဖြစ်ပြီး ဒေသခံ ရွာသားတွေက သက်ဆိုင်ရာ ဌာနတွေကို ကန့်ကွက်စာတွေ တင်ပြခဲ့ပေမယ့် အရေးယူဆောင်ရွက်ပေးခြင်း မရှိတဲ့အတွက် ဒီနေ့ သတင်းစာရှင်းလင်းပွဲကျင်းပဖို့ ပြင်ဆင်နေစဉ်မှာ ရိုက်နှက်ခံရတာဖြစ်ပါတယ်။

အဲဒီ ဘရားသားကုမ္ပဏီက အင်းတကော်မြို့နယ်မှာ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း စည်းရုံးရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်စဉ် နေထိုင်ခဲ့တဲ့ ဗိုလ်တဲမြေနေရာကို အုတ်တံတိုင်းခတ်ပြီး သိမ်းယူထားသလို ဗိုလ်ချုပ်အောင်ဆန်းကို ဂုဏ်ပြုတဲ့အနေနဲ့ ဝန်ကြီးချုပ်ဟောင်း ဦးနု စိုက်ထူထားခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း ကျောက်တိုင်ကိုလည်း ဖျက်သိမ်းဖို့ ပြင်ဆင်နေတဲ့အတွက် ကျေးရွာသားတွေက ကန့်ကွက်နေကြတာလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။