ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်
2012.10.10
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ကတည်းက ကူမင်းမြို့ ဆေးရုံကြီးမှာ အရေးပေါ် ဆေးကုသမှု ခံယူနေရတာပါ။ ဗမာပြည် ကွန်မြူနစ် ပါတီ ထိပ်တန်းခေါင်းဆောင် တဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောဟာ လွတ်လပ်ရေး မော်ကွန်းဝင် ရဲဘော်သုံးကျိပ်ထဲမှာ သက်ရှိထင်ရှား ကျန်ရစ်နေသူ နှစ်ဦးထဲက တစ်ဦး ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောကို ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဆိုင်းစုကျေးရွာမှာ ၁၉၁၈ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကိုလိုနီခေတ် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး တို့ဗမာ အစည်းအရုံးကို “သခင်ရွှေ” အမည်နဲ့ ဝင်ရောက်ခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ စစ်ပညာ သင်ယူခဲ့တဲ့ ရဲဘော်သုံးကျိပ်မှာ ပါဝင်ခဲ့ပြီးနောက် ဗိုလ်ကျော်ဇော အမည်ကို ခံယူခဲ့ပါတယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော် BIA၊ ဗမာ့ ကာကွယ်ရေး တပ်မတော် BDA တို့မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
၁၉၅၄-၅၅ ခုနှစ် တဝိုက်မှာ မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ တရုတ်ဖြူ ကူမင်တန် တပ်ဖွဲ့ကို ဦးဆောင် တိုက်ခိုက်ခဲ့သူ ဖြစ်ပြီး ၁၉၅၆ ခုနှစ်မှာ တပ်မတော်ကနေ အငြိမ်းစား ပေးခံခဲ့ရပါတယ်။ အဲဒီနောက် ၁၉၇၆ ခုနှစ်မှာ တရုတ်နိုင်ငံကို မိသားစုနဲ့ အတူ လျှို့ဝှက် ထွက်ခွာသွားပြီး ဗမာပြည် ကွန်မြူနစ် ပါတီ စစ်ကော်မရှင်မှာ တာဝန် ထမ်းဆောင်ခဲ့ပါတယ်။ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော ကွယ်လွန်ချိန်မှာ ဦးအောင်ကျော်ဇော၊ ဒေါ်လှကျော်ဇောနဲ့ ဒေါ်စန်းကျော်ဇော သားသမီး ၃ ဦး သက်ရှိထင်ရှား ကျန်ရစ်ခဲ့ပါတယ်။
မြန်မာပြည် ကွန်မြူနစ်ပါတီ က အထူးဝမ်းနည်းကြောင်း နဲ့ ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောရဲ့ ဖြတ်သန်းမှု နဲ့ ပါတီအတွက် ဆောင်ရွက်ခဲ့တာတွေကို ဂုဏ်ယူမိကြောင်းပြောပါတယ်။ ဒီအကြောင်း အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက်က တင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |
မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းခဲ့သူ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇောနဲ့ ပတ်သက်လို့ နိုင်ငံရေးနဲ့ စာပေနယ်က ထင်ရှားတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောပြချက်တွေကို အာရ်အက်ဖ်အေ ဝိုင်းတော်သား ကိုနေရိန်ကျော်က စုစည်းတင်ပြထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |