ကျောက်ဆည်မြို့မှာ ဗိုလ်ချုပ်ကြေး ရုပ်နဲ့ ဗိုလ်ချုပ်ပန်းခြံ ဖွင့်လှစ်
2015.02.13

ဒီနေ့ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်း နှစ် ၁ဝဝ ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် မန္တလေး တိုင်းဒေသကြီး ကျောက်ဆည်မြို့ ကြက်မင်းတွန် ရပ်ကွက်မှာ ဗိုလ်ချုပ်ကြေးရုပ်နဲ့ ဗိုလ်ချုပ်ပန်းခြံကို ဖွင့်လှစ်ခဲ့ပါတယ်။
ဒီနေ့ မနက်က ပန်းခြံဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့တဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖဲ့ွအစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ဗိုလ်ချုပ်အောင်ဆန်းအမှတ်တရ စကားပြောကြားခဲ့ပါတယ်။
"ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီးလို မျိုး ပြည်သူတွေက ချစ်တဲ့ခေါင်းဆောင်မျိုးပဲ ကျနော်တို့က လိုချင်တယ်၊ ကျနော်တို့နိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးပြီးနောက်ပိုင်း နည်းမျိုးစုံနဲ့ နိုင်ငံတော်အာဏာကို ရယူခဲ့ တဲ့ခေါင်းဆောင်တွေ မြောက်များစွာပေါ်ပေါက်ခဲ့ပါတယ်၊ နှစ် ၁ဝဝ ပြည့် အထိမ်းအမှတ် ဂုဏ်ပြုခံရ တဲ့ခေါင်းဆောင် ဘယ်နှစ်ယောက်များရှိပါသလဲ၊ အာဏာယူလို့ရပါတယ် လူထုရဲ့ချစ်ခင်လေးစားမှုကို ဖန်တီးယူလို့၊ ခြိမ်းခြောက်ယူလို့ မရပါဘူး၊ လူထုရဲ့ ယုံကြည်ကိုးစားမှု၊ ချစ်ခင်မှုဆိုတာဟာ ပြုပြင် ဖန်တီးလို့မရသလို ဖောက်ဖျက်လို့လည်း မရပါဘူး"
အဲ့ဒီပန်းခြံထဲမှာ အရင်က ဗိုလ်ချုပ်ကြေးရုပ်မရှိခဲ့ပဲ ဒီနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်နှစ် ၁ဝဝ ပြည့်နေ့မှာ ကြေးရုပ်ဖွင့်ပွဲ ကျင်းပပြီး ဒေါ်အောင်ဆန်းစုကြည်က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။
မနက်ပိုင်းက ပန်းခြံဖွင့်ပွဲအခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ကျောက်ဆည်မြို့ခံ စာရေးဆရာတွေ နဲ့ ဒေသခံ တစ်ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။
ဒီအကြောင်း RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။